ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး ရွာသား ၅ ဦးဖမ်းဆီးခံရပြီးနောက် မြေပုံမြို့နယ်မှ ကျေးရွာသားများ ကြောက်လန့်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.7k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာနှင့် ယိုးဆနွင်းကျေးရွာမှ ရွာသားများသည် အမျိုးသမီး တစ်ဦး ပစ်ခတ်ခံရသေဆုံးပြီးနောက် ကျေးရွာသား ၅ ဦးကိုပါ စစ်တပ်က ဖမ်းဆီးလာသဖြင့် ကြောက်လန့်ပြီး ရွာကို စွန့်ခွာ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

နိုဝင်ဘာလ ၁ဝ ရက်နေ့က ဝက်ရူးကျေးရွာမှ ယောချောင်း ရွာသာယာကျေးရွာသို့ ငါးရောင်းရန်သွားသည့် စက်တပ် ဟွန်ဒါလှေတစ်စီးအား စစ်တပ်က ဟန့်တားပစ်ခတ်စဉ် အသက် ၃၂ အရွယ် ကိုယ်ဝန်ဆောင်မိခင် ဒေါ်ဦးခင်သန်း သေဆုံးခဲ့သလို  ရွာသာယာကျေးရွာမှ ရွာသား ၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ် မရရှိဘဲ ပျောက်ဆုံးနေသဖြင့် ကျေးရွာ လူထုအတွင်း အထူးစိုးရိမ်မှုများ ဖြစ်ပေါ်နေကြသည်ဟု မိသားစုများက ပြောကြားသည်။

ရွာသာယာကျေးရွာမှ မြေပုံမြို့ပေါ် စစ်ဘေးရှောင်လာသူ တစ်ဦးက “ ပထမတော့ ကျနော်တို့ရွာကို ပိတ်ဆို့ထားတယ်။ ရွာပြင်ကို လုံးဝမထွက်ရဘူး။ ငါးလာရောင်းတဲ့ ကလေးမတစ်ယောက်ကို သေနတ်နဲ့ ပစ်လိုက်တဲ့ နေ့ကနေ ရွာကနေ မထွက်ရတာပါ။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အဲဒီနောက်ပိုင်း  အပြစ်မဲ့ ရွာသားတွေကို ဖမ်းဆီး စစ်ဆေးတယ်။ အခုအချိန်ထိ ရွာသား ၅ယောက်ကို ဖမ်းခေါ်သွားတယ်။ ဘယ်ရောက်လို့ ရောက်နေမှန်း မသိဘူး။ အဆက်အသွယ်လည်း မရဘူး။ ဒါကြောင့် ကျနော်တို့လည်း ကြောက်လန့်ပြီး ရွာကနေ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်” ဟုပြောသည်။

ယောချောင်း ရွာသာယာမှ စစ်တပ်က ဖမ်းဆီးခံပြီးနောက် မိသားစုများနှင့် အဆက်အသွယ်မရရှိ ဖြစ်နေကြသူများမှာ ဦးတင်မြင့် (၅ဝ) နှစ်၊ ဦးမောင်သန်းမြင့် (၃၈) နှစ်၊ ဦးခင်မောင်လေး (၄၉) နှစ်၊ ဦးတင်မောင်ညွှန့် (၃၄) နှစ်နှင့် ဦးမောင်တင်မြင့် (၅ဝ) နှစ်တို့ ဖြစ်ကြသည်။

ဦးမောင်တင်မြင့်၏ သမီးဖြစ်သူက “ ရွာက ပြေးတဲ့ လူတွေလည်း ပြေးနေကြပါတယ်။ ကျွန်မတို့က အဖေ ပြန်မရောက်လာတဲ့ အတွက် မပြေးနိုင်ဘဲ ရွာထဲကပဲ စောင့်နေကြပါတယ်။ အခု အဖေတို့နဲ့ အဆက်အသွယ် မရဖြစ်နေတာ ၅ ရက်ရှိနေပါပြီ။ အခု စစ်သားတွေ ရွာအောက်ပိုင်းကို ဆုတ်သွားတဲ့ ကတည်းက ဘယ်ရောက်လို့ ရောက်မှန်း မသိဘဲ ဖြစ်နေတဲ့ အတွက် ကျွန်မတို့ မိသားစု ၅ စု အရမ်းစိုးရိမ်နေပါတယ်” ဟု ပြောကြားသည်။

မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက “ကျနော်အခုကြားရတာက ရွာသာယာနဲ့ ယိုးဆနွင်းကျေးရွာကလူတွေပါ မနေ့က မြေပုံမြို့ပေါ်ကို ကြောက်ပြီးတော့ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ စစ်တပ်က ရွာသာယာမှာရှိနေတယ်ဆိုတော့ လူငယ်တွေက ဖုန်းဆက်တဲ့ အချိန်မှာ စစ်တပ်က ခေါ်ပြီးစစ်ဆေးတယ်။ ရွာသားအချို့လည်း အဖမ်းခံရတယ်။ အဲလိုမျိုး ဖြစ်နေတော့ ရွာသားတွေက ရွာမှာမနေရဲဘဲ ကြောက်လန့်ပြီး ထွက်ပြေးနေကြတာ။ စစ်တပ်က အထွက်အဝင်တွေ ပိတ်ပင်ထားပေမယ့် ရွာသားတွေက ကြောက်ပြီး ခိုးထွက်ပြေးနေကြတာဖြစ်ပါတယ်”ဟု ပြောသည်။

နိုဝင်ဘာလ ၁ဝရက်နေ့က ဝက်ရူးကျေးရွာမှ ယောချောင်းရွာသာယာကျေးရွာသို့ ငါးရောင်းရန်သွားသည့် စက်တပ် ဟွန်ဒါလှေအား စစ်တပ်က ပစ်ခတ်သဖြင့် လှေပေါ်ပါလာသူ ၃ ဦးထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကျည်ဆံထိမှန် သေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး ယိုးဆနွင်းကျေးရွာသားများနှင့် ယောချောင်းရွာသာယာကျေးရွာသားများက ထိုသို့ ကြောက်လန့် ထွက်ပြေးကြခြင်းဖြစ်သည်ဟု ယောချောင်းရွာသာယာကျေးရွာမှ မြေပုံမြို့ပေါ် စစ်ဘေးရှောင်လာသူ တစ်ဦးက ပြောသည်။

ယိုးဆနွင်းကျေးရွာမှ လူငယ်တစ်ဦးက “ ရွာသာယာကို ငါးရောင်းလာတဲ့ အမျိုးသမီးတစ်ဦး ကျည်ဆံ ထိန်မှန်လို့ သေတယ်။ နောက်ထပ် ရွာသားတွေကို ဖမ်းဆီး စစ်ဆေးတာတွေရှိတယ်။ နောက်ထပ် ၅ ယောက်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ဒီ ရွာသာယာလို ဖြစ်စဉ်မျိုး ဖြစ်လာမှာကို စိုးရိမ်ကြောက်လန့်ပြီး  နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေနဲ့ ဆွေမျိုးများရှိတဲ့ မြေပုံမြို့ပေါ်ကို စက်တပ်လှေတွေနဲ့ ထွက်ပြေးနေကြပါတယ်။ အခုဆိုရင်  ကျနော်တို့ ယိုဆနွင်းကျေးရွာမှာ လူဦးရေက ၄ ပုံ ၁ပုံ လောက်သာကျန်ရှိပါတော့တယ်” ဟု ပြောကြားသည်။ 

ရွာသာယာကျေးရွာနှင့် ၃ မိုင်ခန့်သာဝေးသည့်  ယိုးဆနွင်းကျေးရွာတွင် အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး အများစု  ရွာသားများမှာ  ရွာကို စွန့်ခွာ ထွက်ပြေး နေကြသည်ဟု သိရသည်။ 

ရွာသာယာကျေးရွာတွင် အိမ်ခြေ ၅ဝဝ နီးပါးခန့်ရှိပြီး လူဦးရေ ၁၇ဝဝခန့်ရှိကြောင်း၊ ကျေးရွာအတွင်း စစ်ဆေး ဖမ်းဆီးမှုများ ရှိနေသဖြင့် ရွာသားများကြောက်လန့်ထွက်ပြေးနေကြသည့်အတွက် လက်ရှိတွင်ကျေးရွာအတွင်း လူဦးရေ ၅ဝဝခန့်သာ ကျန်ရှိကြောင်း ယောချောင်း ရွာသာယာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောသည်။

(ဓာတ်ပုံ- Myint Moe)

ဆက်စပ် သတင်းများ