ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် ချင်းတိုင်းရင်းသားများ မြို့နယ်ကျော်ပြီး ထွက်ပြေးလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.8k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၄ / ၂ဝ၁၉

ကျေးရွာ အနီး တိုက်ပွဲအဆက်မပြတ်ဖြစ်နေသည့်အတွက် အသက်အန္တရာယ် စိုးရိမ် ကြောက်လန့်ကာ ရသေ့တောင်မြို့နယ်မှ ချင်းတိုင်းရင်းသား ၅ဝ ကျော်သည် မြို့နယ်ကျော်ပြီး ပုဏ္ဏားကျွန်းမြို့နယ်သို့ ထွက်ပြေးခိုလှုံလာကြောင်း သတင်းရရှိသည်။

ထွက်ပြေးလာသူများမှာ ရသေ့တောင်မြို့နယ် ဗောဓိကိုင်းကျေးရွာနှင့် ပဲသဒူကျေးရွာတို့မှ ချင်းတိုင်းရင်းသား များဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက မြို့နယ်ကျော်ကာ ထွက်ပြေးလာကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ခေမာရာမ ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

“၂၃ ရက်နေ့ ညနေပိုင်းက သူတို့ ထွက်ပြေးလာကြတယ်။အခုလောလောဆယ် ဦးဇင်း ကျောင်းမှာ နေရာချထား တယ်။ သူတို့တွေထဲမှာ ကျန်းမာရေးမကောင်းသူတွေနဲ့ ကလေးသူငယ်တွေပါတယ်”ဟု ဆရာတော်က နိရဥ္စရာသို့  မိန့်ကြား သည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ရွာဘက်သို့ လက်နက်ကြီးကျည်နှင့် ကျည်ဆံများ ကျရောက်သည့်အတွက် ကြောက်လန့်ကာ ထွက်ပြေးလာရခြင်းဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်လာသူ ချင်းတိုင်းရင်းသားများထဲမှ ကိုအောင်သန်းက ပြောသည်။

"တိုက်ပွဲ ဖြစ်နေလို့ မနေရဲလို့ ဒီဘက်ကို ထွက်ပြေးလာရတာပါ။ ကျည်ဆံတွေဆို အိမ်နားမှာ လာကျတယ်။ အဲဒါကြောင့် ထွက်ပြေးလာတာပါ”ဟု ကိုအောင်သန်းက ပြောသည်။

ရွာက ထွက်ပြေးလာသည်မှာ နှစ်ရက်ကျော်ရှိနေပြီ ဖြစ်ကြောင်း၊ထွက်ပြေးလာချိန် လမ်းတွင် တစ်ညအိပ် ခဲ့ရကြောင်းနှင့် လက်ရှိတွင် အစာရေစာ အခက်အခဲရှိဖြစ်နေကြောင်း ထွက်ပြေးလာသူ အသက် (၅၇)နှစ် အရွယ် ချင်းတိုင်းရင်းသူ ဒေါ်မစိန်လှက ပြောသည်။

“အဒေါ်သမီးဆိုရင် ကိုယ်ဝန်နဲ့ မွေးတော့မယ်။အဒေါ်ကလည်း နေမကောင်းဘူး။နောက်တစ်ယောက် လမ်းမှာ ဝမ်းလည်းလျှောနေတယ်။အခုတော့ သက်သာနေပြီ။အဒေါ်တို့မှာ စားရေးသောက်ရေးနဲ့ နေစရာ အခက် အခဲရှိနေတယ်။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းက ပေးကမ်းတာနဲ့ စားနေရတယ်။နောက်ဘယ်လို လာဦးမလဲ မသိဘူး”ဒေါ်မစိန်လှက နိရဥ္စရာသို့ ပြောသည်။

၎င်းဒုက္ခသည်များကို ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သူ ခမီအမျိုးသား လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးအင်္ဂါအောင်ကလည်း ထွက်ပြေးလာသူများအထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ပါဝင်ကြီး အချို့မှာ ကျန်းမာရေး မကောင်းကြောင်း၊ တစ်ချို့မှာ ဝမ်းလျှော၍ ကျန်းမာရေးထိခိုက်နေပုံရကြောင်း၊ လောလောဆယ်တွင် ခေမာရာမကျောင်းတိုက်မှ ကျွေးမွေးထားသော်လည်း အစားအစာ၊ ရေသန့်၊ ဆေးဝါးနှင့် စောင်များ အမြန်လိုအပ်နေကြောင်း နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်နီးပါး ကြာမြင့် နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲမှာ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေသည်။

ယနေ့လည်း ပဲသဒူ၊ သက်ပေကျ ကျေးရွာများအနီးရှိ ကျောက်တန်း၊ အမျှက်တောင်၊ နွားလားကျော် ကျေးရွာများ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ရခိုင် တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်လူဦးရေ ၉ဝဝဝဝ နီးပါးအထိရှိနေပြီဟု ရခိုင်တိုင်းရင်းသား မျိုးနွယ် များအစည်းအရုံး(REC)၏ နိုဝင်ဘာလအတွင်းက ကောက်ယူနေဆဲ စာရင်းအရ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက နိရဥ္စရာသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့်မြို့နယ်များမှ စစ်ဘေးရှောင်များကို သွားရောက်ကူညီရန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့(WFP)က လွဲ၍ နိုင်ငံတကာ NGO နှင့် INGO အဖွဲ့အစည်းများအား သွားရောက်ကူညီခွင့်ကို ပြည်နယ်အစိုးရက ပိတ်ပင်ထားသကဲ့သို့ ပြည်တွင်းမှ လာရောက်ကူညီထောက်ပံ့ရန်လာသည့် လူမှုအဖွဲ့အစည်းများကိုလည်း အာဏာပိုင်များက တားမြစ်မှု များရှိနေသည်။
 
(ဓာတ်ပုံ- ကိုအင်္ဂါအောင်)

-----------------------------------



နိရဉ်စရာ၊နိုဝငျဘာ ၂၄ / ၂ဝ၁၉












 

ဆက်စပ် သတင်းများ