စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ရွာထဲကျ၍ ကုလားမတောင်ကျေးရွာမှ လူပေါင်း ၁၇ဝဝ ကျော် ထွက်ပြေးတိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၁/ ၂ဝ၁၉

ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်၊ ကုလားမတောင် ကျေးရွာမှ လူပေါင်း ၁၇ဝဝ ကျော်သည် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း သတင်းရရှိသည်။

ယနေ့ နံနက်ပိုင်းက မင်းပြားမြို့နယ် ၊ ကျိန်းတောင်မှ ပစ်လိုက်သော လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ရွာသား ၁ဝ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးနောက် ကျေးရွာသားများမှာ အသက်အန္တရာယ်ကို စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ကုလားမတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက ပြောသည်။

“လက်နက်ကြီးတွေနဲ့ ပစ်လို့ မခံနိုင်လို့ အခုလို ထွက်ပြေးကြရပါတယ်။ ရွာထဲကို လက်နက်ကြီးကျလို့ ဒဏ်ရာရသွားကြပါတယ်။ စက်လှေနဲ့ အလှည့်ကျစီ ဟိုဘက်က ရွာကို ကူးသွားရပါတယ်။ စက်လှေလည်း မလောက်ငှပါဘူး ” ဟု ဦးကျော်သန်းက နိရဥ္စရာသို့ ပြောသည်။

ကုလားမတောင်ကျေးရွာသည်  လူဦးရေ ၂ဝဝဝ ခန့်ရှိသည့် ကျေးရွာကြီး တစ်ရွာ ဖြစ်ပြီး ယနေ့နံနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရွာမှ ထွက်ပြေးကြရာ ရွာအတွင်း လူ ၃ဝဝ နီးပါးသာ ကျန်ရှိတော့ ကြောင်း သိရသည်။
 
ထွက်ပြေးတိမ်းရှောင်သူများမှာ လက်ရှိတွင် မင်းပြားမြို့နယ် မင်းဖူးကျေးရွာနှင့် ဝါးတောင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သူက ဆက်ပြောသည်။

 “ဝါးတောင်ကို ရောက်နေကြပါတယ်။ ဒီမှာ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေ အိမ်ကို တက်နေကြရတာပါပဲ။ ထမင်းကတော့ ဒီကလူတွေ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ရွာကလူတချို့က မင်းဖူးရွာဘက်ကိုလည်း သွားကြပါတယ်” ဟု ကုလားမတောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဦးငနီက နိရဥ္စရာသို့ ပြောသည်။

မင်းဖူးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ကုလားမတောင်ကျေးရွာမှ ဒေါ်လုံးမချေကလည်း “ အဝတ်အစားမပြောနဲ့ ခါးဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့ လာရတာပါ။ ထမင်းစားဖို့ကိုတော့ ဒီရွာက စီစဉ်ပေးမယ်လို့ ပြောတယ်။ ဘာတစ်ခုမှလည်း ပါမလာဘူး။ ပြေးနေရတာဆိုတော့ ဘာဆိုဘာမှ ပါမလာဘူး။ ဆောင်းရာသီဆိုတော့ အထူးဒုက္ခပါပဲ” ဟု ပြောသည်။

---------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၁၁/ ၂ဝ၁၉




 



ဆက်စပ် သတင်းများ