သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်ကြောင်းတစ်ခု ရွာထဲ ဝင်ရောက်နေရာယူရာမှ ယိုးတရုပ်ရွာသား၁ဝဝဝ ကျော်နေအိမ်များကို စွန့်ခွာထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာတွင် အင်အား ၁ဝဝ ကျော်ခန့်ပါသည့် တပ်မတော် စစ်ကြောင်းတစ်ခုမှ ရဲစခန်းတွင် ဝင်ရောက်နေရာယူထားပြီး အနီးအနားအိမ်များတွင်လည်း ဝင်ရောက် နေထိုင်ခြင်းများ ရှိနေသည့် အပြင် ညဉ့်အချိန် သေနတ်ပစ်ခတ်မှုများရှိနေသဖြင့် ကျေးရွာသား ၁ဝဝဝ ကျော်ခန့်သည် နေအိမ်များကို စွန့်ခွာထွက်ပြေးသွားကြသည့် ကျေးရွာလူကြီးများက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက “ ဒီလ ဒီဇင်ဘာ ၂၃ ရက်နေ့က ရောက်နေပါတယ်။ ရဲစခန်းအနီးက အိမ်တွေ မှာတည်းပါတယ်။ သမီးပျို၊ သားပျိုရှိတဲ့ မိသားစုတွေကတော့ ဘယ်လို ပြောမလဲ။ အိမ်ပိုင်ရှင်တွေက ကြောက်လန့်ပြီး အားလုံးထွက်ပြေးသွားကြပါတယ်။ သူတို့စစ်တပ်ကတော့ သူတို့ အလုပ်ကို သူတို့လုပ်တာပါ။ ရွာမှာ ပတ်တရောင်တွေ ဘာတွေလှည့်တယ်။ စျေးတွေ ဘာတွေသွားတယ်။ ဒီလိုနဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ညဉ့်အချိန်မှာ လက်နက်ငယ် အချက် ၅ဝ ခန့်နဲ့ လက်နက်ကြီး လေးငါးလုံးလောက်ပစ်တယ်။ ရွာသူ ရွာသားတွေလည်း တိုက်ပွဲဖြစ်လားမသိ။ စိုးရိမ်ပြီး ပိုပြီး ထွက်ပြေးသွားကြပါတယ်။ လူပေါင်းကတော့ အများကြီးပါ။ တစ်ထောင်ကျော် လောက်တော့ ရှိပါလိမ့်မယ်” ဟု ပြောကြားသည်။

၎င်းစစ်ကြောင်းသည် ဒီဇင်ဘာ ၂၃ ရက်နေ့ ရောက်ရှိလာခဲ့ကြောင်း၊ ရဲစခန်းအနီးရှိ ရွာသစ်မှ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ရွာသား နည်းနည်း၊ ၂၅ ရက်နေ့တွင် နည်းနည်း ထွက်ပြေးသွားခဲ့ကြပြီး ၂၈ ရက်နေ့ ညဉ့် အချိန် သေနတ်ပစ်ခတ်သံများ ကြားရပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထွက်ပြေးသူ ပိုမိုများပြားသွားကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ တိုက်ပွဲ ဖြစ်ပွားလား၊ မဖြစ်ဘူးလား မပြောနိုင်ပါဘူး။  အနီးအနားကို လူစိမ်းတွေ ရောက်လာတဲ့ အတွက်  ပစ်ခတ်တယ်လို့လည်း ကြားသိရပါတယ်။ ယခင်ကလည်း ရဲစခန်းမှာ တပ်က ဝင်ရောက် တည်းခိုနေစဉ် အေအေက ဝင်ရောက် တိုက်တဲ့ အတွက် ရဲစခန်း အနီးအနားက အိမ်တွေမှာ လာရောက်တည်းခိုတဲ့ သဘောလို့ထင်ပါတယ်။ အခုလို ဖြစ်တော့ ပထမပိုင်း စျေးဆိုင်တွေပိတ်ထားခဲ့တယ်။ အခု အချို့တစ်ဝက် ပြန်ဖွင့်တယ်။ ဆန်စက်တွေ ဆိုရင်လည်း ကြောက်ပြီး ပိတ်ထားရတယ်။ ဘုတ်ဆိပ်မှာဆိုရင်လည်း ဘုတ်တွေ၊ စက်လှေတွေ မလာဝံ့ ဖြစ်နေကြပါတယ်။ ကုန်သွယ်စီးဆင်းမှုကတော့ အကုန်လုံး ရပ်နေပါတယ်”ဟု  အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ် ကျေးရွာတွင် အိမ်ခြေ ၁၃ဝဝ ကျော် လူဦးရေ ၆ဝဝဝ ခန့်ရှိကြောင်း၊ မြို့အဖြစ် တိုးမြှင့်ခံရရန် ပြည်ထဲရေးသို့ တင်ပြတောင်းခံထားသော ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း၊  ရွာထဲမှ ထွက်ပြေးသူများရှိသလို မထွက်ပြေးဘဲ နေထိုင်သူများလည်း ရှိကြောင်း၊ ထွက်ပြေးကြသူအများစုမှာ ရဲစခန်းအနီးရှိ ရွာသစ်ရပ်ကွက်မှ ဖြစ်ကြောင်း၊  ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် နီးစပ်ကျေးရာ ကျေးရွာများသို့ ထွက်ပြေး ခိုလှုံ နေထိုင်နေကြကြောင်း ၎င်းက ဆိုသည်။

ယိုးတရုပ်ကျေးရွာမှ ပညာရေး ဝန်ထမ်းတစ်ဦးက “ အခု ရွာသစ်ရပ်ကွက်က လူတွေက အိမ်တွေမှာ မရှိတော့ဘူး။ စစ်တပ်က အဲဒီအိမ်ပေါ်တွေမှာတက်နေတယ်လို့ သိရပါတယ်။ အိမ်ပိုင်ရှင်တွေ မရှိတော့လည်း ဘာတွေ ဖြစ်ပျက်နေသလဲ။တိတိကျကျ မသိရသေးပါဘူး။ အိမ်တွေမှာ နေနေကြကိုတော့ တွေ့ရနေရပါတယ်” ဟု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ ထွက်ပြေးကြတဲ့ ယိုးတရုပ် ရွာသားတွေက တော်တော်များတယ်လို့ သိရတယ်။ သူတို့က စစ်ဘေးရှောင် စခန်းတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေမှာ နေထိုင်ကြတာမဟုတ်ပဲ ပုဏ္ဏားကျွန်းမြို့ပေါ်ရောက်လာကြတဲ့ သူတွေကဆိုရင် နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာနေထိုင်ကြတယ်။ တစ်ခြားရွာတွေမှာဆိုရင်လည်း နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ နေထိုင် နေကြတယ်။ စစ်တပ်က ရဲစခန်းအနီးက အိမ်တွေမှာ အခုအချိန်ထိ နေနေကြတဲ့ အတွက် တစ်စုံတစ်ရာ ပြသနာ ဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးကြတာလို့ ပြောတယ်။ စစ်တပ်မပြန်ရင်တော့ သူတို့ ရွာကို ပြန်ကြအုံးမှာ မဟုတ်သေးဘူး” ဟု ပြောကြားသည်။

ယိုးတရုပ်ရဲစခန်းသည် ရက္ခိုင့်တပ်တော် (AA) ၏ တိုက်ခိုက်မှုကို နှစ်ကြိမ်ခံထားရသော စခန်း တစ်ခုဖြစ်ပြီး ၂ဝ၁၉ ခုနှစ် မတ်လ ၉ ရက်နေ့က တိုက်ခိုက်မှု အတွင်းရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး လွန်ခဲ့သော ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီကျော်ကလည်း တပ်မတော် စစ်ကြောင်း တစ်ခုမှ ဝင်ရောက်တည်းနေခိုစဉ် ဒုတိယအကြိမ် အေအေက ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

-----------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၃ဝ/၂ဝ၁၉









ဆက်စပ် သတင်းများ