သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အနီးရှိ ရေကန်ခမ်းခြောက်သွား၍ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေပြတ်လပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 894



သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ အသုံးပြုနေသည့် ရေကန်ခမ်းခြောက်သွားသဖြင့် ၎င်းစစ်ဘေးရှောင် စခန်းတွင် သောက်သုံးရေပြတ်လပ်နေမှုနှင့် ရင်ဆိုင် ကြုံတွေ့နေကြရသည်ဟု သတင်းရရှိသည်။

တိမ်ညို စစ်ဘေးရှောင်စခန်းသည် လူပေါင်း ၃ဝဝဝ ကျော်ရှိပြီး လက်ရှိတွင် အသုံးပြုနေသောရေကန်မှာ လူအသုံးများပြီး ခမ်းခြောက်သွားခဲ့သဖြင့် ၂ဝ၁၉ ခုနှစ် ၁၂ လပိုင်းက စတင်ပြီး သောက်သုံးရေပြတ်လပ်ကာ အခက်တွေ့နေရကြောင်း စစ်ဘေးရှောင် စခန်း တာဝန်ရှိသူများက ပြောသည်။

နေရပ်စွန့်ခွာထွက်ပြေးလာသူ တိန်ညိုစစ်ဘေးရှောင်စခန်းမှ ဦးစိုးမောင်က “ရေပြတ်နေတာက လွန်ခဲ့တဲ့နှစ် ၁၂ လပိုင်း လောက်ကနေ ပြတ်နေတာပါ။ အခုဒုက္ခဖြစ်နေပါပြီ။ ဒုက္ခသည် စခန်းက လူတွေ တိမ်ညိုရွာက ကန်တွေကို သွားပြီး ရေခပ်နေရတယ်။ အဆင်မပြေဘူး။ ကျနော်တို့ ဆီမှာရေရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစား နေကြတယ်။ ကျနော်တို့ဆီမှာ ရေရအောင် လုပ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသာ နှစ်ဘက်တိုက်ပွဲ မည်သည့်အချိန်ပြီးဆုံးမည်ကို မည်သူမှ မပြောနိုင်သည့်အတွက် ယခုနှစ်တွင် ရေကန်တစ်ကန် အသစ် တူးဖော်ပေးနိုင်လျှင် နောက်နှစ်အတွက် အဆင်ပြေနိုင်ကြောင်း တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုဝေလှအောင်က ပြောသည်။

“ ကျနော်တို့စခန်းအတွင်းမှာရှိတဲ့ ကန်က ဘယ် နှလမှ မသုံးလိုက်ရဘူး။ တစ်လကျော်လောက် ဆိုတာနဲ့ ရေကခမ်းသွားပြီ။ ကျနော်တို့ တိမ်ညိုရွာက ရေတင်ပေးပြန်ရင်လည်း ရွာသားတွေက ရေပြတ်သွားမယ်။ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ ပြတ်နေတာက ၁၅ ရက်လောက်ရှိနေပါပြီ။ လောလောဆယ်မှာတော့ သူတို့ရွာထဲက သွားပြီးခပ်နေကြတယ်။ ဒီလို အသုံးပြုနေရင် တိမ်ညိုရွာ ကန်တွေကလည်း ရေခမ်းခြောက်သွားနိုင်တယ်။ ဒါဆိုရင် စစ်ဘေးရှောင်တွေပါ၊ ရွာပါကျပ်သွားရင် ရေအခက်အခဲ ပိုလို့ တွေ့လာနိုင်တယ်” ဟု ၄င်းကပြောသည်။

လက်ရှိ အချိန်တွင် စေတနာရှင် ရေအလှူရှင်များက ကားများဖြင့် လာရောက်လှူဒါန်းကြသော်လည်း ဖုံလှုံမှုမရှိဘဲ တရက်စာတောင် လုံလောက်မှုမရှိပဲ ဖြစ်နေကြောင်း ကိုဝေလှအောင်က ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိလျင် တခြားကျေးရွာများသို့ သွားရောက်ခပ်ယူနိုင်သော်လည်း တိုက်ပွဲ ဖြစ်ပွားလျှင် ရေသွားခပ်ရသည်မှာ အဆင်မပြေကြောင်း၊  အောက်သကန်ရွာနှင့် လက္ကာကျေးရွာများတွင် လူမရှိသည့်အတွက် ထိုရွာများသို့ သွားရောက်ခပ်ယူနိုင်သော်လည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကြောင်းများ ဖြတ်သန်းသွားလာမှု ရှိနေသဖြင့် ရေသွားခပ်ရန်မှာ အခက်အခဲ ဖြစ်နေကြောင်း၊ တတ်နိုင်ပါက ရေသယ်ယူရန် ဘောက်ဆာများ ရှိပါ အဆင်ပြေနိုင်ကြောင်း တိမ်ညိုကျေးရွာမှ ကိုဇော်ထွန်းက ပြောသည်။

တိမ် ညိုစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၃ဝဝဝ ခန့်ရှိပြီး ရေကန်နှင့် လူဦးရေမမျှဖြစ်နေကြောင်း၊  လက်ရှိ စစ်ဘေးရှောင်များမှာ တိမ်ညိုဘူတာရုံ ကန်မှ ရေများကို ခပ်ယူသုံးနေကြရကြောင်း၊ ထိုကန်တွင်လည်း များမကြာမီ ရေခမ်းသွားနိုင်ကြောင်း၊ ပူပြင်းသည့် မတ်၊ ဧပြီ၊ မေလများ  ပိုမို အခက်အခဲတွေ့လာနိုင်သဖြင့် ယခုအချိန်က စပြီး ရေရှားပါးမှုကို စီစဉ် ဖြေရှင်းပေးရန် လိုကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ဓာတ်ပုံ- ခိုင်မင်းထွန်း
-----------------------------------

Unicode:













ဆက်စပ် သတင်းများ