သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မှ ဒေသခံ ၈ဝဝ ခန့် ထွက်ပြေးရ၊ ကျေးရွာအတွင်းပိတ်မိနေသူများအတွက် မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၃/ ၂ဝ၂o

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာနှင့် ကုလားချောင်းကျေးရွာတို့မှ ကျေးရွာသား ၈ဝဝခန့် ထွက်ပြေးနေကြရပြီး၊ ကျေးရွာအတွင်း ပိတ်မိ ကျန်ရှိနေခဲ့သူများအတွက် မိသားစုများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကုလားချောင်းကျေးရွာအနီး မီတာ ၄ဝဝ အကွာခန့်ရှိ လယ်ကွင်းများ၌ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းနေ့ ညနေ ၆ နာရီခန့်က တပ်မတော် စစ်ကြောင်း တစ်ခုသည် ကုလားချောင်းကျေးရွာထဲသို့ ဝင်ရောက်လာသောကြောင့် ကျေးရွာ သားများ ထွက်ပြေးနေကြကြောင်း၊ ကုလားချောင်းကျေးရွာအတွင်း ကျန်ရှိနေခဲ့သည့် ကျေးရွာသား ၃ဝ ခန့်နှင့်လည်း အဆက်သွယ်မရကြ၍ စိုးရိမ်နေကြကြောင်း ကုလားချောင်း ကျေးရွာမှ ပြင်ဝန်းကျေးရွာသို့ ထွက်ပြေးရောက်ရှိနေသည့် ဦးဦးစိုးဝင်းက နိရဥ္စရာသို့ ပြောသည်။

 “ကျွန်တော်တို့ အခု ထွက်ပြေးနေကြရပါတယ်။ ရွာမှာလည်း ကျွန်တော့် မိန်းမရော၊ သားလေးရော၊ အဖေတို့ရော ကျန်ခဲ့ကြပါတယ်။ စစ်သားတွေကလည်း မနေ့ညကတည်းက ရွာထဲကို ဝင်သွားကြတာပါ။ ရွာမှာကျန်ခဲ့တဲ့ သူတွေကို စိတ်ပူပါတယ်။ သူတို့နဲ့ အဆက်သွယ်လည်း မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ထွက်ပြေးနေကြသည့် လူဦးရေ ၈ဝဝ ကျော်ခန့်မှာ ပြိန်းတောကျေးရွာမှ ၇ဝဝ ခန့်နှင့် ကုလားချောင်းကျေးရွာမှ ၁ဝဝ ခန့်ဖြစ်ကြောင်း သိရသည်။

“ရွာမှာကျန်ခဲ့တာက မိန်းမတွေ များပါတယ်။ အဆက်သွယ်ကတော့ မရသေးပါဘူး။ ရွာထဲမှာ စစ်သားတွေလည်း ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့သူတွေကို တစ်စုတည်း စစ်သားတွေက စုခိုင်းထားတယ်လို့ ပြောပါတယ်။ ရွာမှာက လူဦးရေ စုစုပေါင်း ၁၃ဝ ကျော်လောက်ပဲ ရှိတာပါ။ အဲဒါက ၁ဝဝ နီးပါးလောက် ထွက်ပြေးသွားကြတာပါ” ဟု ပြင်ဝန်းကျေးရွာသို့ ရောက်ရှိနေသည့် ကုလားချောင်းကျေးရွာမှ ရာအိမ်မှူးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ထွက်ပြေးနေသည့် လူဦးရေ ၈ဝဝ ကျော်ခန့်မှာ ရသေ့တောင်မြို့နယ် အောင်စည်ကုန်း ကျေးရွာ၊ ကံပြင်ကျေးရွာ၊ စဖိုကျွန်းကျေးရွာနှင့် ပြင်ဝန်းကျေးရွာတို့တွင် ရောက်ရှိနေကြကြောင်း သိရသည်။

 “ရွာမှာက မိန်းမတွေ ကျန်ခဲ့တာ များပါတယ်။ ထွက်ပြေးလာကြတာ ယောက်ကျားတွေ များပါတယ်။ စစ်သားတွေက ယောက်ျားတွေကို ဖမ်းပြီး ဟိုမေး ဒီမေး မေးတယ်။ သူတို့က ရိုက်နှက်တာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် ယောက်ျားတွေ အများစု ထွက်ပြေးကြတာပါ။” ဟု ပြိန်းတောကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဦးစောလှက နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ် မရရှိခဲ့ပါ။

ဖေဖော်ဝါရီ ၂  ရက်နေ့က ပြိန်းတောကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကျေးရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

------------------------------------

Unicode:


နိရဉ်စရာ၊  ဖဖျေောဝါရီ ၃/ ၂ဝ၂ဝ












ဆက်စပ် သတင်းများ