ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အမ်းနှင့်ကျောက်တော် မြို့နယ် (၂)ခုမှ ဒေသခံများ တိုက်ပွဲကြောင့် ဆက်လက်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ဒေသခံများ ကြောက်လန့်ပြီး ဆက်လက် ထွက်ပြေးနေကြကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်၊ ဒါးလက်ရွာဟောင်းတွင် မတ်လ ၆ ရက်နေ့ ညဉ့် ၁ဝ နာရီမှ ၁၁ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို အနီးကပ်  ကြားခဲ့ရသဖြင့် ကျေးရွာသားများမှာ ကြောက်လန့်ကာ ဆက်လက်ပြီး ရွာကို စွန့်ခွာ ထွက်ပြေး နေကြရသည်ဟု ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

ဒလက်ရွာဟောင်းမှ လူကြီး တစ်ဦးက “ မနေ့က ညဉ့် ၁ဝ နာရီလောက်မှာ တိုက်ပွဲ စဖြပါတယ်။ ရွာက တစ်မိုင်လောက်သာ ဝေးတဲ့ စက်ချောင်းမှာ ဖြစ်ကြတာပါ။ ၁၁ နာရီလောက်မှ သေနတ်သံတွေ တိတ်သွားပါတယ်။ ဒီနေ့မနက် တစ်ခါ လက်နက်ကြီးထုသံကြားရတော့ ထွက်ပြေးသူတွေလည်း ထွက်ပြေးသွားကြပါတယ်။ ကျန်တဲ့လူလည်း ကျန်နေခဲ့ပါတယ်။ ထွက်ပြေးတဲ့သူတွေက ဒလက်နဲ့ ကမ်းထောင်းကြီးကို ထွက်ပြေးတာများပါတယ်” ဟု ပြောကြားသည်။

ဒလက်ရွာဟောင်းသည် အိမ်ခြေ ၃ဝဝ ခန့်ရှိသော ကျေးရွာ တစ်ရွာဖြစ်ပြီး လက်ရှိ အချိန်တွင် အိမ်ခြေ လေးငါးဆယ်တွင်သာ လူကျန်ရှိတော့ကြောင်း၊ အများစုမှာ အိမ်များကို စွန့်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း၊ ရွာထဲရှိ အိမ်အများစုမှာ လူမရှိတော့သဖြင့် ရွာထဲသို့ပင် မဝင်ဝံ့ ဖြစ်နေကြရကြောင်း၊ ရွာတွင် ကျန်ရှိနေသူများလည်း ကျွဲနွားများရှိနေသဖြင့် စောင့်ရှောက်ပြီး နေနေကြသူများသာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲများ ဆက်ဖြစ်နေပြီး ရွာထဲထိ လက်နက်ကြီးကျည်များ ကျနေပါက ကျန်ရွာသားများနေ ထိုင်နိုင်တော့မည် မဟုတ်ကြောင်း၊ လက်ရှိတွင်လည်း ရွာမှ ထွက်သွား /မသွားကို ရွာတွင်ကျန်နေသူများ စဉ်းစားနေကြကြောင်း ၎င်းက ပြောကြားသည်။

“ အခု ရွာသားတွေက ချောင်းကို ဆင်းလို့လည်း မရဘူး။ တောင်ကိုတက်လို့လည်း မရဘူး။ နေ့တိုင်းတိုက်ပွဲ ဖြစ်နေပါတယ်။ အခု ဘယ်အလုပ်မှလည်း မရှိကြတော့ဘူး။ ကျန်တာလေးတွေကို စုပြီး ခွဲဝေ စားသောက်နေကြရပါတယ်” ဟု ဒလက်ရွာဟောင်းမှ အမျိုးသမီးကြီး တစ်ဦးကလည်း ပြောသည်။

ဒလက်ချောင်းအနီးရှိ ကဇူးကိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်သန်းအောင်က “ပစ်ခတ်သံ ကြားရတယ်။ မနေ့ညက တစ်ရက်လုံးကြားရတာ ရှိတယ်။ လက်နက်ကြီးသံကတော့ အခုလည်း ကြားရသေးတယ်။ မနေ့ကတော့ ဖရုံချောင်းဖက်က အခြမ်းမှာ တစ်နေရာ ၊ ညပိုင်းလောက်မှာ ခပေါင်းတောင်မှာဖြစ်တယ်။ ဂြိတ်ချောင်းဖက်မှာ တစ်နေရာ။ အားလုံးပေါင်း သုံးနေရာကနေ သေနတ်သံတွေ ကြားရတယ်။ အခုချိန်ထိပဲ။ တစ်နေရာနဲ့ တစ်နေရာ မတူဘူးပေါ့။ ဖြစ်နေတာက တစ်ညလုံး ကြိုးကြား ကြိုကြား ပစ်နေကြတယ်။ အခုကတော့ လက်နက်ကြီး မနက်စောစော ကတည်းက ပစ်နေတာ” ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသော နေရာများနှင့် နီးသော ဖရုံချောင်းကျေးရွာနှင့် အုန်းတည်ချောင်း ကျေးရွာများတွင် ရွာလုံးကျွတ်ထွက်ပြေးနေကြပြီး ဂြိတ်ချောင်း ကျေးရွာတွင်လည်း အိမ်ခြေ ၁၆ဝ ရှိပြီး လူဦးရေ ၇ဝဝ ကျော်ရှိ၍ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြကြောင်း ၄င်းက ဆက်ပြောသည်။

“ကဇူးကိုင်း အုပ်စုမှာ ဖရုံချောင်းနဲ့ အုန်းတည်ချောင်းမှာလူမရှိတော့ဘူး ။ ဂြိတ်ချောင်းက လူ ၁ဝဝ ကျော် လောက်က ကဇူးကိုင်းကို ဒီလသုံးရက်နေ့လောက်က ထွက်ပြေးလာကြတယ်။ နောက်အမ်းမြို့ပေါ် တွေကိုလည်း ပြေးကြပြီ။ ဒီနေ့လည်း မိသားစု တစ်စု၊ နှစ်စု ထွက်ပြေး လာကြတယ် လို့ သိရတယ်။ လူဦးရေ စာရင်းတွေကတော့ ညနေလောက်မှ သိရမယ်”ဟု ဦးခင်သန်းအောင်က ဆက်ပြောသည်။

ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ယနေ့ နံနက် တွင် နှစ်ဖက် တိုက်ပွဲဖြစ်နေသောကြောင့် ရွာသားတစ်ချို့ ပိတ်မိနေကြကြောင်းပြောသည်။

“တိုက်ပွဲဖြစ်လို့ ရွာကို လှမ်းပစ်တယ်။ မနေ့ကဖြစ်တော့ ထွက်ပြေးလာကြတယ်။ရွာမှာက နေဖို့မရတော့ဘူး။ ရွာသား ၃ဝ ကျော်လောက်ကျန်ခဲ့တယ်။ မနေ့ က ရဟတ်ယာဉ်တွေနဲ့ ပစ်လို့ ထွက်ပြေးလာကြတာ။ မနက်ကလည်း ပစ်နေတယ်တဲ့။ ရွာကလူတွေ ထွက်မရောက် ဖြစ်နေကြပြီ လို့ ပြောတယ်။ တိုက်ပွဲပြီးရင်လည်း ဗမာတပ်မတော်က လက်နက်ကြီးတွေနဲ့ ငန်းတောင်ဘက် ကနေ ပစ်နေတယ်။ ပြိုင်းတိုင်းရွာကဆို အရှေ့ဖက်တောင်မှာ နေပြီးပစ်နေကြတာ”ဟု ပြိုင်းတိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ပြိုင်းတိုင်းကျေးရွာအတွင်း ပိတ်မိကျန်နေခဲ့သူ ရွာလူကြီးတစ်ဦးကလည်း ထွက်ပြေးချင်သော်လည်း ထွက်မရောက်ဖြစ်နေကြောင်း ပြောသည်။

“ရွာထဲကို လက်နက်ကြီးတွေ ကျနေတော့ ရွာမှာ မနေရဲတော့ဘူး။ ထွက်သွားရမလား၊ ဆက်နေရ မလားဖြစ်နေပြီ။ ရွာကမ်းနားတွေတွေ မှာ ကျတယ် လက်နက်ကြီးတွေ။ ရွာမှာ အစောင့် အရှောက် အဖြစ်ကျန်ခဲ့တာ။ ရပ်ရွာမှာ  ဦးစီးဦးဆောင်လုပ်နေတာဆိုတော့။ ကလေးတွေရှိတဲ့ မိသားစုတွေလည်း ကျန်သေးတယ်။ အိုမင်းမစွမ်းတွေလည်းကျန်ခဲ့တယ်။ ငန်းတောင်နားမှာ တစ်နေကုန် ပစ်နေတယ်။ ကျောက်တန်းနားမှာ တစ်နေရာပစ်နေတယ်။ ကျွန်တော်တို့ရွာက အလယ်မှာ ဖြစ်နေတော့ ရွာမှာ လည်းကျတယ်၊ ရွာကို စွန့်ပစ်ခဲ့ဖို့ ဖြစ်နေပြီ။ မနေရဲတော့ဘူး” ဟု ၄င်းရွာလူကြီးကပြောသည်။

ပြိုင်းတိုင်းကျေးရွာတွင် အိမ်ခြေ ၂၅၇ ဆောင်ရှိပြီး လူဦးရေ ၁၅ဝဝ နီးပါးခန့်ရှိခဲ့ကြောင်း သိရသည်။]

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဇော်မင်းထွန်း တို့အား အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရခဲ့ပါ။

ရက္ခိုင့်တပ်တော် (AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ မအားသေးဟု ဖြေဆိုသဖြင့် နောက်ထပ်ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

----------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၇/၂ဝ၂ဝ
















ဆက်စပ် သတင်းများ