သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်မှ စစ်ပြေးရှောင် ငှက်ပျောချောင်းရွာသားများ ရိက္ခာနှင့်ဆေးဝါးများ အကူအညီလိုအပ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 9.4k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၂၄/၂ဝ၂ဝ

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်းရွာသား ၁ဝဝ ကျော်မှာ ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကူအညီ လိုအပ်နေကြောင်း ရွာသားများက ပြောကြားသည်။

ကျေးရွာမှ အမျိုးသမီး တစ်ဦးက “ ကျွန်မတို့ ရွာသားတွေ ဒီလ ၁၅ ရက်နေ့စပြီး စစ်ကြောင်း ဝင်လာတဲ့ အတွက် ထွက်ပြေးရပါတယ်။ ဒီနေ့ မေလ ၂၄  ရက်နေ့မှာ ကျွန်မတို့ ရွာထဲကို ခဏ ပြန်လာပါတယ်။ အခြေအနေ ဘယ်လို ရှိတယ်ဆိုတာကြည့်ဖို့လာတာပါ။ စစ်ကြောင်းက ရွာမှာ မရှိတော့ပါ။ အခြေအနေက ရွာမှာ နေလို့ ဖြစ်မှာ မဟုတ်သေးတဲ့ အတွက် အခု ညနေစာ ထမင်းစားပြီးရင် နေတဲ့ နေရာကို ပြန်ကြမှာ ဖြစ်ပါတယ်” ဟု ယနေ့ ညနေ ၅ နာရီက ဖုန်းဆက်ပြောကြားသည်။ 

ယခုကဲ့သို့ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စားနပ်ရိက္ခာလည်း ပြတ်လပ်နေကြောင်း၊ နေမကောင်းသူအတွက် ဆေးဝါးလည်း မရှိကြောင်း၊ စိမ်းညှင်းပြားတွင် သားဖွားဆရာမ ရှိသော်လည်း သွားရောက်ရန် မတတ်နိုင်ကြောင်း သူမက ပြောကြားသည်။ 

ဘူးသီးတောင်မြို့နယ် ငှက်ပျောချောင်းရွာတွင် အိမ်ခြေ ၂၉ ဆောင်၊ လူဦးရေ ၁ဝ၆ ဦးရှိကြောင်း၊ ဆရာတော်တစ်ပါးမှ အပ တစ်ရွာလုံးထွက်ပြေးကြကြောင်း၊ အများစုမှာ အနီးအနားရှိ ဦးကျော်ရွာတွင် နေထိုင်ကြပြီး ကျန်မိသားစု သုံးလေးစုမှာ ဂူတာပြင် မူဆလင်ရွာရှိ နေအိမ် အလွတ်များတွင် နေထိုင်ကြကြောင်း ငှက်ပျောချောင်းကျေးရွာသားတစ်ဦးက ပြောသည်။  

၎င်းက “ ရွာမှာ ဆရာတော် တစ်ပါးဘဲ ကျန်နေခဲ့ပါတယ်။ ကျန်ရွာသားတွေ အကုန်လုံး ကြောက်ပြီး ထွက်ပြေးပါတယ်။ စစ်သားတွေက ဆရာတော်ကို ရွာသားတွေ ဘယ်မှာလဲလို့ မေးတယ်လို့ သိရပါတယ်။ ဆရာတော်က ကြောက်ပြီး အကုန်လုံး ထွက်ပြေးသွားကြပြီလို့ ပြန်ပြောလိုက်တယ်လို့ ပြောပါတယ်။ စစ်ကြောင်းက အနီးအနားမှာ ရှိနေတယ်လို့ ကြားရတဲ့ အတွက် ကျွန်တော်တို့ ရွာပြန်ဖို့ ကြောက်နေပါတယ်။ ရွာက ထွက်လာတာလည်း တစ်ပတ်ကျော်သွားပြီ ဖြစ်တဲ့ အတွက် စားစရာ ဆန်တွေလည်း မရှိတော့ပါ” ဟု ပြောသည်။  

တပ်မတော် စစ်ကြောင်း တစ်ခုသည် ငှက်ပျောချောင်းသို့ ရွာသို့ ဝင်ရောက်လာပြီး မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ နေထိုင်သွားကြောင်း၊ ကျေးရွာသားများအနေဖြင့် တပ်မတော် စစ်ကြောင်း ဝင်လာသဖြင့် ကြောက်ပြီး ထွက်ပြေးကြကြောင်း၊ တပ်မတော် စစ်ကြောင်းမှာ ရွာက ထွက်သွားပြီ ဖြစ်သော်လည်း ပြန်လည် ဝင်လာအုံးမည်ဟု သတင်းကြားရသဖြင့် ကြောက်ပြီး မပြန်ရဲသေးကြောင်း ၎င်းက ပြောကြားသည်။ 

နောက်ထပ် ရွာသား တစ်ဦးက “ ကျွန်တော်တို့ မိသားစု သုံးစုက ဂူတာပြင် မူဆလင်ရွာက အိမ်အလွတ် သုံးလုံးကို ရောက်နေပါတယ်။ ပထမ အိမ်ခြေ ၂ဝ လောက်ရှိတဲ့ ဦးကျော်ရွာမှာ သွားနေတော့ လူများပြီး နေစရာမရှိတဲ့ အတွက် နွားတင်းကုပ်မှ နေခဲ့ရပါတယ်။ နွားတင်းကုပ်က မသန့်ရှင်းတော့ ကလေးသုံးဦးနဲ့ အဖွားအို တစ်ဦးတို့ ဖျားနာတဲ့ အတွက် ကျွန်တော်ရွာနားက ဂူတာပြင်ရွာကို လာနေကြပါတယ်။ မူဆလင်ရွာသားတွေက တာဝန်ယူတဲ့ အတွက် သူတို့ ရွာကနေ ထွက်ပြေးသွားတဲ့  လူမရှိတဲ့ နေအိမ် အလွတ်တွေမှာ နေပါတယ်။ အလုပ်လည်း မလုပ်ရဆိုတော့ အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်” ဟု ပြောကြားသည်။

ငှက်ပျောချောင်း အနီးရှိ ကျောက်စာတိုင် ကျေးရွာတွင် အိမ်ခြေ၂ဝဝ ၊ လူဦးရေ ၄ဝဝ ကျော်ရှိပြီး ၎င်းတို့လည်း ဘူးသီးတောင်မြို့ပေါ်နှင့် အလယ်ချောင်း စစ်ရှောင်စခန်းတွင် ထွက်ပြေးခိုလှုံနေကြသည်ဟု သိရသည်။ 

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက  “သူတို့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဦးလေးကို ဆက်သွယ်လာတယ်။ ငှက်ပျောချောင်းရော၊ ကျောက်စာတိုင်ပါ ရွာ ၂ ရွာလုံးကလူတွေထွက်ပြေးနေကြတယ်လို့ပြောတယ်။ ဆွေမျိုးသားချင်းမရှိတဲ့လူတွေက နွားတင်းကုတ်တွေမှာ နေနေကြတယ်လို့ သိရတယ်။ သက်ဆိုင်ရာကို စာတင်ခိုင်းထားတယ်။ သူတို့ကို  ဦးလေးအနေနဲ့လည်း ကူညီပေးလို့ရတဲ့ဘက်က ကူညီသွားပါမယ်” ဟုပြောသည်။

ဆက်စပ် သတင်းများ