ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကိုယ်ထူကိုယ်ထ တည်ဆောက်နေသည့် စညှင်းစစ်ဘေးရှောင်စခန်းအတွက် အလှူငွေများလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 8.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၂၆ /၂ဝ၂ဝ

မိုးမကျမီအပြီး ကိုယ်ထူကိုယ်ထတည်ဆောက်နေသော မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်းရှိ အဆောင်တဲများ ဆောက်လုပ်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးဇင်း အရှင် သဘာဝနဒီက မိန့်ကြားသည်။

စညှင်းစစ်ဘေးရှောင်စခန်း နေအိမ် အဆောင်များကို မေလ ၂ဝ ရက်နေ့မှစ၍ စတင် ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် အဆောင်တဲအိမ် ၃ဝ ခန့်မှာ ပြီးစီးတော့မည်ဖြစ်သော်လည်း နောက်ထပ် တဲအိမ်များ ဆောက်လုပ်ရန်အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း ဦးဇင်းက မိန့်ကြားသည်။ 

 “ ဆောက်နေတုန်းဘဲ။ တဲအိမ် အလုံး ၃ဝ။ ဒါပေမယ့် တစ်ဆောင်မှ မပြီးသေးဘူးလို့ ပြောလို့ရတယ်။ လက်ရှိမှာ တဲအိမ် အလုံး ၃ဝလောက် တစ်ပြိုင်တည်း ဆောက်နေတာ။ တစ်လုံးနဲ့ တစ်လုံးကတော့ ၃ ပေ၊ ၄ ပေလောက်ကွာတယ်။ အမိုးနဲ့ အခင်းကတော့ လုပ်ပြီးပြီ။ အကာတစ်ခုဘဲ ကျန်တော့တယ်။ အကာကိုတော့ တာပေါ်လင်စနဲ့ ထရံကာဖို့ဘဲကျန်တော့တယ်” ဟု ကိုယ်တော်သဘာဝနဒီက ပြောသည်။

စညှင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၂၅ စုရှိသည့်အတွက် မိသားစုတစ်စုလျှင် တဲအိမ်တစ်လုံးကျစီ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ စုစုပေါင်း တဲအိမ် ၁၂၅ လုံး ဆောက်လုပ်ရမည်ဖြစ်၍ နောက်ထပ် တဲအိမ်များ အတွက် အကူအညီ လိုအပ်နေကြောင်း၊ တဲအိမ်များ မဆောက်ဘဲ မိုးရာသီတွင် မြေကြီးပေါ်တွင် ပလတ်စတစ် မိုးကာစများ ခင်းပြီး အိပ်ရန်မှာ မဖြစ်နိုင်ကြောင်း၊ လွန်ခဲ့သော တစ်ပတ်က မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျပြီး တဲအိမ်အများအပြား ပျက်စီးသွားပြီး တစ်ချို့အိမ်များမှာ အမိုးအကာများလန်ပြီး နေစရာ မရှိ ဖြစ်ခဲ့ရကြောင်း၊ သို့အတွက် စညှင်းစစ်ဘေးရှောင် စခန်းကို အမြန်ဆုံး တည်ဆောက်ရန် လိုအပ်နေကြောင်း အရှင်သဘာဝနဒီက မိန့်ကြားသည်။

တဲအိမ်တစ်လုံး၏အရွယ်အစားမှာ ၁ဝ ပေ၊ ၁၅ ပေဖြစ်ပြီး လက်ရှိတွင်တည်အိမ် ၄၆လုံး ဆောက်လုပ်ရန် အတွက်သာ ငွေပမာဏရှိကာ နောက်ထပ် အဆောင်တဲအိမ်များဆောက်လုပ်ရန်အတွက် အလှူငွေများ လိုအပ်နေကြောင်း၊  တဲအိမ်တစ်လုံးဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်မှာ ငွေငါးသောင်းကျပ်ဖြစ်ကြောင်း၊ အရှင်သဘဝနဒီမှ တစ်ဆင့် လှူဒါန်းနိုင်ကြောင်း  စခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ စညှင်းစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလကစ၍ မြေပုံမြို့နယ် လီသွန်၊ ဒါးလက်၊ အင်ကြင်း၊ စညှင်းကျေးရွာတို့မှ လူဦးရေ စုစုပေါင်း ၄ဝ၂ ဦး မှီခိုနေထိုင်လျှက်ရှိနေပြီး ယင်းစခန်းအား တည်ဆောက်မှုအား အစိုးရက တရားဝင်ခွင့်ပြုထားခြင်း မဟုတ်ကြောင်း၊ ယနေ့ထိ အစိုးရထံမှ ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိ သေးကြောင်း၊ စားဝတ်နေရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီ ထောက်ပံ့လှူဒါန်းမှုဖြင့် ရပ်တည်နေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေး လုပ်ကိုင် ကူညီဆောင်ရွက်ပေးနေသူ ကိုသူရမိုးက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “စခန်းတွေက အခိုင်အမာ တည်ဆောက်ထားတာ မဟုတ်ဘူးပေါ့နော်။ လေပြင်း မတိုက်ရင်တောင်မှ မိုးရွာတဲ့ အခြေနေနဲ့ စခန်းတွေက ပျက်စီးသွားမယ့် အခြေနေပေါ့။ စညှင်းစစ်ရှောင်စခန်းက အစိုးရကလည်း တရားမဝင်သတ်မှတ်ထားတယ်။ ဘာပဲပြောပြော လက်တွေ့မှာ စစ်ဘေးရှောင်တွေ နေထိုင်ရေး အခက်အခဲမို့ စခန်းကို အခုလို မိုးမကျမီ တည်ဆောက်တဲ့ အပေါ်မှာ ကြိုဆိုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။


ဆက်စပ် သတင်းများ