သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ စာသင်ကျောင်းများတွင်နေထိုင်သည့် စစ်ဘေးရှောင်များကို ဇွန်လ၁၅ရက်နေ့မတိုင်မီဖယ်ပေးရန်ညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 7.4k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် နေထိုင်နေကြသည့် စစ်ဘေးရှောင်များအား ဇွန်လ ၁၅ ရက်နေ့ကို နောက်ဆုံးထား၍ ကျောင်းများမှ နေရာမှဖယ်ရှားပေးရန် အစိုးရမှ ညွှန်ကြားထားသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်အများအပြားမှာ စာသင်ကျောင်းများတွင် နေထိုင်နေကြပြီး ယခုကဲ့သို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ညွှန်ကြားချက် ထွက်လာသဖြင့် နေစရာမရှိ ဖြစ်လာမည်ကို အထူး စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောသည်။ 

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစား နေတဲ့အတွက် ဆေးဖြန်းဖို့လိုတယ်ဆိုပြီး ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျောင်းဆောင်တွေကို ထွေအုပ်က ပြန်အပ်ခိုင်းတယ်။ ကျောင်းတွေမှာနေတဲ့ ကိုဗစ်နိုက်တင်း ကော်ရင်တင်းဝင်နေတဲ့ လူတွေ၊ စစ်ဘေးရှောင်တွေကိုပေါ့။ သူတို့ဘယ်မှာနေရမလဲဆိုပြီး စစ်ဘေးရှောင်တွေက ကျွန်တော်ဆီကို ဖုန်းဆက် လာကြတယ်။ စစ်ဘေးရှောင်တွေကို ကျောင်းတွေကနေ ဖယ်ပေးရမယ်ဆိုရင် သူတို့အတွက် အစားထိုးနေစရာ နေရာချပေးရမယ်။ အစိုးရက ကိုယ့်ပြည်သူတွေကို တိတိကျကျ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ တစ်စုံတစ်ရာ စီစဉ် ပေးသင့်တယ်။ ဒါမျိုးခုချိန်ထိ မရှိသေးဘူး” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။ 

ကျောက်တော်မြို့ပေါ်တွင် စစ်ဘေးရှောင် ခုနှစ်ထောင်ကျော်ရှိပြီး စာသင်ကျောင်းများတွင် နေထိုင်သည့် စစ်ဘေးရှောင်ဦးရေမှာ ၃ ထောင်ကျော်ရှိကြောင်း၊ ကိုဗစ်နိုက်တင်း ကာလ အတွင်းတွင် ၄င်းတို့နေထိုင်ရန် နေရာအခက်ခဲရှိနေပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

ကျောက်တော်မြို့မှ မြို့မ အထက်တန်းကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ဝင်းက“ဖယ်ရမယ်ဆိုရင် သွားစရာနေရာလည်းမရှိပါဘူး။ ထားရာနေ စေရာသွား ဘဝတွေပါ စစ်ဘေးရှောင်တွေက။ ဒီလိုဖယ်ပေးရရင် ဘယ်မှာနေရမလဲဆိုတာ အစိုးရကလည်း တစ်စုံတစ်ရာ ပြောလာတာမရှိဘူး။ စိတ်မကောင်း ဖြစ်နေကြတာပေါ့ဗျာ”ဟု ပြောသည်။

အလားတူ မြေပုံမြို့ရှိ စာသင်ကျောင်းများတွင်နေထိုင်သည့် စစ်ဘေးရှောင်များမှာလည်း နေရာပြောင်းရွှေ့ပေးရမည်ဖြစ်သဖြင့် အခက်အခဲဖြစ်နေကြောင်း စခန်းတာဝန်ခံ ဦးအောင်မြင့်သိန်းက ပြောသည်.

“စာထွက်တာတော့မရှိသေးဘူး။ ကျောင်းတွေဖွင့်ဖို့ နေရာပြောင်းရတော့မယ်ဆိုပြီး ထွေအုပ်ရုံးက ကျွန်တော့ကို ခေါ်တွေ့တယ်။ စစ်ဘေးရှောင်တွေမှာ အခက်အခဲအများကြီး ရှိတာပေါ့။ နေအိမ်တွေကို စွန့်ပြီး ဒီနေရာတွေမှာ လာနေရတာလေ။ စိုးရိမ်မှုတွေလည်း ရှိကြမှာပေါ့။ ပြောင်းရင် ဘယ်နေရာပြောင်းမလဲ ဆိုတာကိုတော့ ဆွေးနွေး နေကြပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် ဧပြီလအထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေးရှောင်ဦးရေ တစ်သိန်း ခြောက်သောင်းကျော် ရှိသည်ဟု ရခိုင်တိုင်းရင်းသားများမျိုးနွယ်စုအစည်းအရုံး REC က ထုတ်ပြန် ထားပြီး အများစုမှာ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင်  ခိုလှုံနေကြသူများဖြစ်ကြောင်းသိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် နှစ်စဉ် ကျောင်းဖွင့်နေကျ ဇွန်လ (၁) ရက်နေ့ ကျောင်းများကို ပြန်မဖွင့် နိုင်ခဲ့သော်လည်း ဇူလှိုင် ၂၁ ရက်တွင် အထက်တန်းအဆင့်၊ သြဂုတ် ၄ ရက်နေ့တွင် အလယ်တန်းအဆင့်နှင့် သြဂုတ် ၁၁ ရက်နေ့တွင် မူလလတန်း အဆင့်ကျောင်းများကို အသီးသီးပြန်လည် ဖွင့်လှစ်သွားမည်ဟု ပညာရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ 


ဆက်စပ် သတင်းများ