ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရွာထဲ ပိတ်မိနေသည့် ဆောက်ခတ်ရွာသား ၄၉ ဦးကို ကယ်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၂ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာ ရွာထဲတွင် ပိတ်မိနေသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ် ၄၉ ဦးကို ယနေ့ နံနက် ၁ဝ နာရီခန့်က ကယ်ထုတ်ခဲ့သည်ဟု သိရသည်။

၎င်းကယ်ထုတ်မှုကို ဆရာတော် ၈ ပါးနှင့် ပရဟိတအဖွဲ့များမှ ဦးဆောင် ပြီး ယနေ့ နံနက် ၁ဝ နာရီခန့်က ပြုလုပ်ခဲ့ကြသည်ဟု ရသေ့တောင်မြို့မှ ကိုဘက္ကာက ပြောသည်။

 “ကျွန်တော်တို့ ပရဟိတအဖွဲ့တွေရယ်။ နောက်ပြီး ဆရာတော် ၈ ပါးတို့က  သွားကယ်ထုတ် ခဲ့တာပေါ့။ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးတွေကို ထမ်းပိုးပြီး ယူခဲ့ရပါတယ်။ စက်လှေနဲ့တစ်ဆင့်ရယ်၊ နောက်တစ်ခါ ခြေလျင်တစ်ဆင့်ရယ် အဲဒီလိုမျိုး ယူခဲ့ရပါတယ်။ မိုးတွေကလည်း အရမ်းရွာနေတော့ တော်တော်လည်း ခက်ခက်ခဲခဲ ယူခဲ့ရပါတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ ယနေ့ ညနေ ၄ နာရီခန့်က ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိခဲ့ပြီး  လက်ရှိတွင် ၄င်းတို့ကို မြို့အားကစားခန်းမ၌ လောလောဆယ် နေရာချထားကြောင်း ကိုဘက္ကာက ဆက်ပြောသည်။

ဆောက်ခတ်ကျေးရွာတွင် အိမ်ခြေ ၁ဝ၅ ဆောင်ခန့်နှင့် လူဦးရေ ၅ဝဝ ကျော်ရှိပြီး ဇွန်လ ၁၁ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု ကျေးရွာအတွင်း ဝင်လာသဖြင့် ရွာသား အများစုမှာ ရသေ့တောင်မြို့ပေါ်နှင့် တခြား အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးခဲ့ကြရသည်။ မပြေးနိုင်သည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ် စုစုပေါင်း ၅၄ ဦး ရွာထဲတွင် ကျန်နေခဲ့သည်။

ယင်း ၅၄ ဦးထဲမှ ၄၉ ဦးကို ယနေ့ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန် ၅ ဦးမှာ ကျေးရွာအတွင်း ကျန်ခဲ့ကြောင်း သိရသည်။

“ငါးယောက် ကျန်ခဲ့တယ်။ ကျွန်တော်တို့ ခေါ်တာ မရဘူး။ ဘာလို့လဲတော့ မသိဘူး။ သူတို့က ရွာမှာ ကျန်ခဲ့ချင်တယ်ဆိုလို့ ထားခဲ့ပါတယ်။ အဲဒီ ငါးယောက်ထဲမှာ စိတ်မနှံ့တဲ့ ယောက်ျားတစ်ယောက်နဲ့ အသက် ၄ဝ ကျော်၊ ၆ဝ ကျော် အရွယ် မိန်းမ လေးယောက်ကျန်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ သက်ကြီးများနှင့် ကလေးများကို ကယ်ထုတ်ရန် ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်လတ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့မှ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံမှ ခွင့်ပြုချက် တောင်းယူခဲ့ရကြောင်းလည်း သိရသည်။

ဆောက်ခတ်ကျေးရွာအနီး၌ရှိသည့် အောင်သာစည်ကျေးရွာဝင်ဝတွင် ဇွန်လ ၁၁ ရက်နေ့က မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး လက်ရှိ အချိန်ထိ ရွာတွင်နေထိုင်နေကြောင်း  ကျေးရွာသားများ ပြောသည်။

( ဓာတ်ပုံ- မြတန်ဆောင်းဆရာတော်)


ဆက်စပ် သတင်းများ