စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မြောက်ပိုင်းမှ ရွာသားများရွာကိုစွန့်ခွာထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

နိရဥ္စရာ၊ သြဂုတ် ၁၁/၂ဝ၂ဝ

ရသေ့တောင်မြို့နယ်မြောက်ပိုင်း ကျေးရွာ ၁ဝ ရွာမှ ရွာသားများမှာ စစ်ကြောင်းတက်လာသဖြင့် ရွာကို စွန့်ခွာထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

အိုးဖောက်ဒေသခံ တစ်ဦးက “ ဒီနေ့မနက် စစ်ကြောင်းက အိုးဖောက်ရွာကို ဝင်ပါတယ်။ သေနတ်သံတွေတော့ အဆက်မပြတ်ကြားရပါတယ်။ အခုထိ ကြားရပါတယ်။ မြစ်ထဲက ဇက်ရေယာဉ်ကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိပါတယ်။ ကျွန်တော်တို့တစ်ရွာလုံးက မနေ့က ညနေ ၃ နာရီ စစ်ကြောင်း တက်လာတယ်လို့ ဆိုကတည်းက ရွာကနေ စွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။ အခု ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်ထဲက ရွာတွေကို ရောက်ရှိနေပါတယ်” ဟု ယနေ့နံနက် ၉ နာရီက ဆက်သွယ် ပြောကြားသည်။

ထွက်ပြေးကြသည့် ကျေးရွာသားများမှာ အိုးဖောက်၊ ဇေယျာမြိုင်၊ အုန်းချောင်း၊ သမီးလှ ရွာသစ်၊ သမီးလှ ရွာဟောင်း၊ ကုန်တန်း၊ မညင်းတောင်၊ ညောင်ပင်လှ၊ ရေမျက်၊ ကုလားချောင်းစသည့် ကျေးရွာများမှ ဖြစ်ကြပြီး ဘူးသီးတောင်မြို့နယ်ရှိ အနီးအနားကျေးရွာများသို့ ထွက်ပြေးကြသည်ဟု သိရသည်။

“ မနေ့က နေ့လယ်လောက်မှာ သမီးလှ ရွာဟောင်းဘက်ကနေ စစ်ကြောင်းက ပစ်လို့ အိုးဖောက်ဘက်ကို တက်လာပါတယ်။ မေယုမြစ်ထဲက ဇက်ရေယာဉ်နှစ်စီးကလည်း မြစ်အတိုင်းပစ်ပြီး အိုးဖောက်ဘက်ကို တက်လာပါတယ်။ ပစ်တဲ့ အသံတွေက အရမ်းကြောက်စရာကောင်းပါတယ်။ ဘယ်သူမှ နားမခံနိုင်ပါဘူး။ အသံကြားတာနဲ့ ရွာကနေ ထွက်ပြေးကြပါတယ်။ မနေ့မွန်းလွဲ ၂ နာရီကျော်၊ ၃ နာရီလောက်ကတည်းက အိုးဖောက်ရွာမှာ လူတစ်ယောက်မှ မရှိတော့ပါ။ ကျနော်တို့ ရွာဆိုရင် လူဦးရေတစ်ထောင်လောက်ရှိပါတယ်။ အကုန်လုံးထွက်ပြေးကုန်ကြပါတယ်” ဟု ၎င်းအိုးဖောက် ဒေသခံပြောသည်။

၎င်းစစ်ကြောင်းတွင် အင်အား ၁ဝဝ ကျော်ပါဝင်ပြီး ယနေ့နံနက်က အာကာတောင်ကျေးရွာမှ တစ်ဆင့် အိုးဖောက်ရွာသို့ ဝင်လာခဲ့သည်ဟု ဆိုသည်။ 

ပြိန်းတောကျေးရွာသို့ ဆက်သွယ်ရာ ရွာသားတစ်ဦးက “ ကျွန်တော်တို့လည်း ရွာကနေ ထွက်ပြေးပြီး ရွာပြင်ကို ရောက်နေပါတယ်။ ကျွန်တော်တို့ ပြိန်းတောရွာထဲမှာတော့ သက်ကြီးရွယ်အိုတွေနဲ့ မိန်းမတွေကျန်ပါတယ်။ ဒီလ ၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ ဇက်ရေယာဉ်ပေါ်က ပစ္စည်းတွေ တင်နေတုန်း ရေမျက်ရွာ အောက်ဘက် ဆောက်ခတ် မရောက်ခင်လမ်းမှာ မိုင်းတစ်လုံးကွဲပါတယ်။ ကျောက်တန်းချောင်းဝ ဒီဘက် မြစ်ကမ်းနား ကုန်းပေါ်မှာကွဲတာပါ။ အဲဒီနောက် ဇက်ရေယာဉ်က မြစ်ဟိုဘက် ဒီဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တော့တာပါပဲ။ မေယုမြစ် အနောက်ဘက် အောက်ကျောင်းတောင်၊ စဖိုကျွန်းရွာတွေကို သွားထိပါတယ်။ အောက်ကျောင်းတောင်က ရွာသားအချို့ ဒဏ်ရာရတယ်လို့လည်း ကြားသိရပါတယ်” ဟု ပြောသည်။ 

အိုးဖောက်၊ ဇေယျာမြိုင်၊ အုန်းချောင်း၊ သမီးလှ ရွာသစ်၊ သမီးလှ ရွာဟောင်း၊ ကုန်တန်း၊ မညင်းတောင်၊ ညောင်ပင်လှ၊ ရေမျက်၊ ကုလားချောင်းစသည့် ကျေးရွာများမှာ မေယုမြစ်အရှေ့ဘက်ကမ်း ကျောက်တန်းနယ်မြေတွင် တည်ရှိပြီး အောက်ကျောင်းတောင်၊ စဖိုကျွန်းတို့မှာ မေယုမြစ် အနောက်ကမ်း စေတီပြင်နယ်မြေတွင် တည်ရှိသည်။ 

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ အခုဖြစ်တာက အဆိုးဆုံးဖြစ်ရပ်ဘဲ။ မေယုမြစ် ဟိုဘက် ဒီဘက် နှစ်ဘက်စလုံး တောက်လျောက်အပစ်ခံရတယ်။ ဒီလို ပစ်ခတ်တာမျိုးက အရင်က မရှိဘူး။ ရွာတွေမှာ လူမရှိတော့ဘူး။ ရှိရင်လည်း တစ်ယောက်စ နှစ်ယောက်စ၊ အားလုံးရွာကို စွန့်ခွာထွက်ပြေးသွားကြတဲ့ အတွက် အထိအခိုက်တော့ ကြီးကြီးမားမား မရှိဘူး။ အောက်ကျောင်းတောင်ရွာမှာတော့ ဟိုတစ်ရက်နေ့က ရွာသားလေးဦးအနည်းငယ်စီ ဒဏ်ရာရတယ်လို့ ကြားရတယ်။ မှန်နီပြင်ကိုလည်း လက်နက်ကြီးကျည်ကျတယ်လို့ ကြားတယ်။ ပြောပလောက်အောင် ဒဏ်ရာတွေမဟုတ်တဲ့ အတွက် သတင်းတော့ မထွက်ဘူး” ဟု ၎င်းက ပြောကြားသည်။

မေယုမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများ ပစ်ခတ်ခံရပြီး တပ်မတော်စစ်ကြောင်းများ ကျေးရွာများသို့ ဝင်ရောက်လာသဖြင့် အောင်ဇေကုန်း၊ စဖိုကျွန်း၊ ကံပြင်၊ ပြင်ဝန်းကျေးရွာသားများလည်း ရွာများကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။ 

(ဓာတ်ပုံ-  Shun Htwee)


ဆက်စပ် သတင်းများ