စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အချမ်းပိုများနေသဖြင့် ရခိုင်စစ်ဘေးရှောင်စခန်းများသို့ အနွေးထည်နှင့်စောင်များလှူဒါန်းမှုဒါန ပြုလုပ်သူ ပိုမိုများလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

ဇော်ဝင်းဌေး(ငခူချောင်း)

နိရဥ္စရာ ၊ ဒီဇင်ဘာ ၃၁ /၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ဆောင်းရာသီအတွင်း ယခုနှစ်တွင် ယခင်နှစ်များကထက် အချမ်းပိုနေ၍ စစ်ဘေးရှောင်များအတွက် စေတနာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်များက အနွေးထည်နှင့်စောင်များကို လှူဒါန်းမှုဒါန ပိုမိုပြုလုပ်လာကြသည်ဟု သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရခိုင်စစ်ဘေးရှောင်များအတွက် ရွှေသံလွင်ကုမ္ပဏီလီမိတက်နှင့် စကိုင်းနက် မီဒီယာပိုင်ရှင်များ ဖြစ်ကြသည့် ဦးကျော်ဝင်းနှင့် ဇနီး ဒေါ်နန်းမောက်လောင်ဆိုင်တို့က  စစ်ဘေးရှောင် အယောက်(၂ဝဝဝ) အတွက် ကျပ်ငွေ သိန်း (၁၁ဂ) သိန်းဖိုး တန်းဖိုးရှိသော အနွေထည်များကို ရန်ကုန်မြို့၊ တာမွေ အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် ဦးကုမာရ (ဦးဇင်းဘီလူး) မှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

၎င်းပြင် ရန်ကုန်ရောက် ရခိုင်မိသားစုအထည်လုပ်ငန်းမှလည်း  ရခိုင်စစ်ဘေးရှောင်များအတွက် အနွေးထည် (၆၅၄)ယောက်အတွက် လှူဒါန်းခဲ့ကြောင်း ဦးဇင်းကုမာရက မိန့်ကြားသည်။

“ ဦးဇင်းတို့ကျောင်းကပဲ အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး လှူဒါန်းကြတာ ဖြစ်ပါတယ်။ အခု ဆောင်းတွင်းရာသီဆိုတော့ စစ်ဘေးရှောင်စခန်းတွေမှာ စောင်တွေ မလုံလောက်တာတို့၊ အနွေးထည်မရှိ ဖြစ်နေတာတို့ကို သူတို့က သိရှိပုံရပါတယ်။ ဒါကြောင့် ဒီနေ့ဘဲ ဦးဇင်းတို့ကျောင်းက တစ်ဆင့် လာလှူသွားကြပါတယ်” ဟု ပြောကြားသည်။

နောက်ထပ်လည်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ရခိုင်လူမှုအဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံ လူမှု အဖွဲ့အစည်းများမှ ဆက်လက် ကူညီရန် ရှိနေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များနှင့် နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့ပေးနေသည့် မေယုဒေသပရဟိတအသင်းမှလည်း ဆောင်းတွင်းကာလ ချမ်းအေးမှုဒဏ်ကို ခံစားနေကြရသည့် စစ်ဘေးရှောင်များအတွက် စောင်နှင့် အနွေးထည်များ ကူညီလှူဒါန်းနေကြောင်း ၎င်းအဖွဲ့၏ တာဝန်ရှိသူ တစ်ယောက်ဖြစ်သည့် ကိုမေယုထွန်းက ပြောကြားသည်။

“ ကျွန်တော်တို့အနေနဲ့ကတော့ ဆောင်းတွင်းကာလ ရောက်လာသောကြောင့် အနွေးထည်တွေ လှူဒါန်းနေပါတယ်။ နောက်ထပ်လည်း လှူဒါန်းမှုများ ဆက်လုပ်ဖို့ ရှိပါတယ်” ဟုပြောသည်။

မေယုဒေသ ပရဟိတအသင်းမှ အနွေးထည် တစ်သောင်းခွဲခန့်နှင့် စောင်၂ဝဝဝ ခန့်ကို စစ်ဘေးရှောင် စခန်းများကို ဆက်လက် လှူဒါန်းသွားမည့် အစီအစဉ်ရှိသည်ဟုလည်း ကိုမေယုထွန်းက ဆက်ပြောသည်။

ရခိုင်အမျိုးသမီးအစည်းအရုံးမှလည်း စစ်ဘေးရှောင်များအတွက် စောင်များ လှူဒါန်းနေကြောင်း ၎င်းအမျိုးသမီးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စောမြရာဇာလင်းက ပြောသည်။

“ ဆောင်းတွင်းရာသီရောက်လာတော့ ဒုက္ခသည်စခန်းတွေမှာ စောင်တွေက လိုအပ်မူတွေရှိနေတယ်။ ဒါကြောင့်မို့ စောင်၂၆ဝ နီးပါးလည်း ကူညီထောက်ပ့ံဖြစ်ခဲ့ပါတယ်။ စခန်း (၈)ခုကို ပေးအပ်တာပါ။ စစ်ဘေးရှောင်စခန်းတွေကို ဒီဇင်ဘာ (၂၇) နဲ့(၂၈) ရက်နေ့တွေမှာ ပေးအပ်လှူဒါန်းတာပါ။ လူမျိုးဘာသာ မခွဲခြားဘဲ ပေးအပ်တာပါ” ပြောသည်။   

ရခိုင်ပြည်နယ်ရှိ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ စစ်တွေ၊ မြေပုံ မြို့နယ် (၅) ခုက စစ်ဘေးရှောင်စခန်းများကို ဆန်၊ ဆီ၊ ဆား၊ အာလူး၊  ကြက်သွန်၊ စောင်နှင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများကို ဒီဇင်ဘာ ၂၇ ရက် နှင့် ၂၈ ရက်များတွင် ရခိုင်အမျိုးသမီးများ အစည်းအရုံး မှ ကူညီထောက်ပ့ံခဲ့ကြောင်း ပြောဆိုသည်။

“ အမျိုးသမီးတွေအနေနဲ့ ရေချိုးတဲ့နေရာတွေ အခက်အခဲရှိနေကြတာကို တွေ့ရတယ်။ နောက်ပြီးတော့ လစဉ်သုံးပစ္စည်းများလည်း လိုအပ်နေတယ်။ ဒါကြောင့် စစ်ဘေးရှောင်စခန်းတွေအတွက် ဆန်၊ အနွေးထည်နဲ့  အမျိုးသမီးများအတွက် လစဉ်သုံး ပစ္စည်းများ ထောက်ပ့ံလှူဒါန်းခဲ့ကြပါတယ်” ဟု ပြောကြားသည်။

ရခိုင်အမျိုးသမီးများ အစည်းအရုံးက ရခိုင်တစ်ပြည်နယ်လုံးမှ စစ်ဘေးရှောင်စခန်းများကို လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော်အထိ ထောက်ပံ့ကူညီခဲ့ကြောင်း သူတို့၏ ပို့စ်တွင် ရေးသားဖော်ပြထားသည်။

စစ်တွေမြို့မှ လူမှုရေး လူပ်ရှား ဆောင်ရွက်နေသူ ဆရာဦးသန်းထွန်းမှလည်း ယခုလ ၂၉ ရက်နေ့က စစ်ဘေးရှောင်စခန်းများသို့ စောင် ၄၂၂ ထည်နှင့် ကလေးငယ်များအတွက် အနွေးထည် ၅ဝဝ လှူဒါန်းခဲ့သည်ဟု သိရသည်။

“ ဒီနှစ်မှာ ဆောင်းက ပိုပြီး အေးတဲ့ အနေအထားရှိပါတယ်။ စစ်ဘေးရှောင်တွေက လေတဟူးဟူးတိုက်ပြီး စောင်၊ အဝတ်အစားပြည့်ပြည့်စုံစုံ မနေထိုင်တော့ အခက်အခဲ ဖြစ်နေကြတယ်။ ဒါကြောင့် ကျောက်တော်မြို့ပေါ်က စခန်း ၆ ခုနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ဘန်းဘွီစခန်းတွေကို စောင် ၄၂၂ သွားလှူးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

၎င်းပြင် အသက် ၂ နှစ်နှင့် ၁ဝနှစ်အကြားရှိ ကလေးငယ်များအတွက် အနွေးထည် ၅ဝဝ ကိုလည်း စစ်တွေရှိ စစ်ဘေးရှောင်စခန်းများနှင့် ပုဏ္ဏားကျွန်းမြို့နယ်က ဘန်းဘွီစခန်းနှင့် အထက်မြတ်လှဲ စခန်းများကို လှူဒါန်းခဲ့ကြောင်း ဆရာသန်းထွန်းက ပြောကြားသည်။

ယခုလက်ရှိ ရခိုင်ပြည်နယ်၌ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေပေါင်း ၂ သိန်းနီးပါးခန့် ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ထံမှ သိရသည်။

ဆက်စပ် သတင်းများ