သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အင်တာနက်မရရှိသော ရခိုင်မှစစ်ဘေးရှောင်စခန်းများသို့ရေဒီယို ၁၄ဝဝကျော် ဝံလက်နှင့်ပေါင်းကူးမှ လှူဒါန်းမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k

ဇော်ဝင်းဌေး( ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၈/ ၂ဝ၂၁

အင်တာနက် 2G သာရရှိသဖြင့် ကိုဗစ်ဆိုင်ရာသတင်းအချက်အလက်များအပါအဝင် တစ်ခြားသတင်း အချက်အလက်များ ရရှိရန်ခက်ခဲနေသော ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းများသို့ လူမှုရေးအဖွဲ့အစည်းများဖြစ်ကြသည့် ဝံလက်ဖောင်ဒေးရှင်းနှင့် ပေါင်းကူးအဖွဲ့မှ ရေဒီယို ၁၄၅၈ လုံး လှူဒါန်းသွားမည်ဟု သတင်းရရှိသည်။

ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ အင်တာနက်ပိတ်ထားတဲ့အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာတွေ မရကြဘူး။ လက်ရှိဖြစ်နေတဲ့ တိုင်းပြည်အတွင်း ဖြစ်နေတဲ့ သတင်းအချက်အလက်တွေ ကိုလည်း မရရှိကြဘူး။ ဒီအတွက် အင်တာနက်မရရှိတဲ့နေရာတွေက စစ်ဘေးရှောင် အိမ်ထောင်စု တစ်ခု ရေဒီယိုတစ်လုံး လှူဒါန်းမယ့်အစီအစဉ်ရှိတယ်။ ရေဒီယိုအရေအတွက်ကတော့ ၁၄၅၈လုံး လောက်ရှိမယ်” ဟုပြောသည်။

အင်တာနက်ပိတ်ထားသည့်အတွက် ကိုဗစ်နှင့်ပတ်သက်သည့် သတင်းအချက်များကို မရရှိကြသော ပုဏ္ဏာကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မြေပုံမြို့နယ်တို့က စစ်ဘေးရှောင်စခန်းများကို ဦးစားပေးလှူဒါန်းသွားမည်ဟု ၎င်းက ဆိုသည်။

“ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ သတင်းအချက်အလက်တွေ ရစေချင်တယ်။ ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ရစေချင်တယ်။ စည်းကမ်းတွေကို သိစေချင်တယ်။ လှူဒါန်းမယ့် ရည်ရွယ်ချက်ကတော့ သတင်းအချက်အလက်တွေ အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေကို သိရှိလိုက်နာနိုင်ဖို့ရည်ရွယ်ပါတယ်” ဟု ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေးပဋိပက္ခကြောင့် ရခိုင်တွင် အင်တာနက် 4G ကို ပိတ်ထားသည်မှာ တစ်နှစ်ကျော်ခန့် ရှိလာနေပြီး ရခိုင်ပြည်သူလူထုများအတွက် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အထောက်အပံ့ ဖြစ်စေရန် ဝံလက်ဖောင်ဒေးရှင်းမှ ရည်ရွယ်ပြီး  လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ဝံလက်ဖောင်ဒေးရှင်းအနေဖြင့် ရန်ကုန်မှ ပေါင်းကူးအဖွဲ့နဲ့ ပူးပေါင်းပြီး လာမည့် စနေနှင့်  တနင်္ဂနွေတွင် လှူဒါန်းသွားမည် ဖြစ်ကြောင်း  ဦးခိုင်ကောင်းစံက ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အင်တာနက်ပိတ်ထားမှုသည် တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော်(AA) အပေါ် စစ်ရေးအရအသာစီးရယူရန် ရည်ရွယ်လုပ်ဆောင်ခြင်း သာဖြစ်ပြီး ထိုလုပ်ဆောင်ချက်ကြောင့် လက်ရှိတွင်ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်ကို ရခိုင်ပြည်နယ်တွင် ကာကွယ်ထိန်းချုပ်ရေးအတွက် အဟန့်အတား ဖြစ်စေသည်ဟု အသံအဖွဲ့၏ အမူဆောင် ဒါရိုက်တာ ကိုမောင်ဆောင်းခက ပြောသည်။

“ လက်ရှိအချိန်မှာ ကိုဗစ်ကပ်ရောဂါက အရမ်းကြီးတည်ငြိမ်နေတဲ့ အခြေအနေမဟုတ်သေးဘူး။ ဆက်လက်ပြန့်နှံ့မူ ရှိနေသေးတယ်။ ကိုဗစ်ကြောင့် ဖြစ်တဲ့ အရေးပေါ်အခြေအနေတွေ၊ သတင်းအချက်တွေက စီးဆင်းမူ အရမ်းအားနည်းတယ်။ နောက်ပြီးတော့ နှောင့်နှေးရတယ်။ အင်တာနက်ပိတ်ထားတဲ့အတွက် ကိုဗစ်ကာကွယ်ရေးတွေမှာ အရမ်းအခက်ကြုံကြရတယ်။ အင်တာနက်ပိတ်ထားတာက အစိုးရစစ်တပ်က ရက္ခိုင့်တပ်တော်ပေါ်မှာ စစ်ရေးအရ အသာစီးရယူလိုမူသာဖြစ်တယ်”ဟု ပြောသည်။

ရက္ခိုင့်တပ်တော်(AA)မှ NLD အမတ်လောင်းသုံးယောက်ကို ကောင်းကောင်းမွန်မွန် ပြန်လွှတ်ခဲ့သောကြောင့် အစိုးရအနေဖြင့်လည်း အင်တာနက်ကို ပြန်ဖွင့်သင့်နေပြီး ရခိုင်ပြည်နယ်တွင် အင်တာနက် ပိတ်ထားမူသည် လူမျိုးရေးအရ ခွဲခြားဆက်ဆံသလို ဖြစ်နေကာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရွက်ရာတွင် အခက်အခဲများနှင့် အဆင်မပြေမူများရှိနေကြောင်း ကိုမောင်ဆောင်းခက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် အင်တာနက်ပိတ်ထားသည် ၂ဝ၁၉ခုနှစ်၊  ဇွန်လ ၂၁ ရက်နေ့မှစပြီး အင်တာနက် ဖြတ်တောက်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်၂ ရက်နေ့က အင်တာနက်ပိတ်ထားသည့် မြို့နယ်များကို ပြန်ဖွင့်ပေးခဲ့သော်လည်း မြန်နူန်းမြင့် မဟုတ်ဘဲ 2G ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ရခိုင်တွင် လုံခြုံရေးအခြေအနေကြောင့် တပ်မတော်ဘက်မှ တောင်းဆိုလာသည့်အတွက် ပိတ်ထားခြင်းဖြစ်ကြောင်း မီဒီယာများကို ဖြေကြားထားသည်။

ဆက်စပ် သတင်းများ