ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရိက္ခာပြတ်လပ်နေသည့် တိန်ညိုစစ်ဘေးရှောင်စခန်းတွင် အရေးပေါ်ဆန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇွန်နဝါရီ ၉ / ၂ဝ၂၁

စစ်ဘေးရှောင်ပြည်သူ ၃ဝဝဝ ကျော်နေထိုင်သည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညို စစ်ဘေးရှောင်စခန်းတွင် ရိက္ခာပြတ်လပ်နေသဖြင့် အရေးပေါ်ဆန်အကူအညီများလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

စခန်းကော်မတီဝင် ဦးစိုးနိုင်က  ̏  ဒီစခန်းမှာ ရိက္ခာပြတ်တောက်သွားတာ ၁၅ ရက်ခန့် ရှိနေပြီ။ ဘေးစီမံက ပေးလိုက်တဲ့ ဆန်ကို တပ်မတော် စစ်ကြောင်းတစ်ခုက ယူသွားပြီးနောက် ရိက္ခာပြတ်လပ်သွားတယ်။ စစ်တပ်က ဆန်အိတ်ယူသွားတာ အခုဆို ၁ လ နီးပါးရှိနေပြီ။ ယူသွားတဲ့ တပ်ရင်းနာမည်ကိုတော့ မသိဘူးဗျာ။ အဲဒီ တပ်ရင်းက တိန်ညို စာသင်ကျောင်းမှာပဲ ရှိနေသေးတယ်။ အဲဒါကြောင့် ဒီစခန်းမှာ ရိက္ခာ ပြတ်သွားတာပေါ့” ဟု ပြောသည်။  

ယခုကဲ့သို့ ဆန်ရိက္ခာပြတ်လပ်ပြီး အခက်အခဲများကို မြောက်ဦးမြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်တာဝန်ရှိသူများသို့ ဆက်သွယ်ထားအကြောင်းကြားထားသည်ဟု ၎င်းက ပြောသည်။

“ စစ်တပ်က ဆန်အိတ်ကတော့ ၅ဝဝ ကျော် ယူသွားပြီးတဲ့နောက် တိန်ညို ဘုန်းကြီးကျောင်း ဓမ္မာရုံထဲမှာ ဆန်အိတ် ၁၇ဝ ကျောက်လောက် ကျန်ခဲ့တာတော့ရှိတယ်။ အဲဒီဆန်ကို ဘယ်သူမှ ကိုင်ခွင့်မရှိရာကနေ  ခုနကတော့ မြောက်ဦး ခရိုင်အုပ်ချုပ်ရေးက ကျနော်ကို် ဖုန်း လှမ်းဆက်တယ်။ ကျန်ခဲ့တဲ့ ဆန်အိတ်တွေကို အဲဒီစခန်းကို ဝေပေးလိုက်လို့ ပြောပါတယ်။ နောက်ထပ် ပေးမယ့် ရိက္ခာတွေကိုလည်း သူတို့က စခန်းကို စစ်ဆေးပြီးမှ ပေးသွားမယ်လို့ အဲသလို ပြောတယ်”  ဟု ဦးစိုးနိုင်က ပြောသည်။

၎င်း စစ်ကြောင်းက ဆန်အိတ်များ ယူဆောင်သွားပြီး နောက်ပိုင်းမှစ၍ လူကယ်ပြန်မှ ထောက်ပံ့သည့် ဆန်ကို တိန်ညိုစခန်း အနေဖြင့် ဆက်လက် ရရှိခြင်းမရှိတော့ရာမှ ယခုကဲ့သို့ ရိက္ခာများ ပြတ်လပ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ အစိုးရဘက်ကတော့ အဲဒီပြဿနာ ဖြစ်ပွားပြီးကတည်းက အခုထိတော့ ကူညီတာ မရှိသေးဘူး။ သူတို့က ဘာပြောတယ်ဆိုတော့ အထက်မှာတင်ပြထားတယ်။ ပြည်နယ်အစိုးရဆီက ခွင့်ပြုချက်ရမှ ပေးလို့ရမယ်လို့ ပြောတယ်။ အစိုးရအဖွဲ့အစည်းကို ပြောချင်တာက ပုံမှန်အတိုင်း ရိက္ခာတွေကို ဖြန့်ဝေပေးပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။

ရိက္ခာပြတ်လပ်နေသဖြင့် တိန်ညိုဘုန်းကြီးကျောင်းသစ်တွင် ကျန်ရှိခဲ့သော ဆန်အိတ် ၁၇ဝ ကျော်ကို စစ်ဘေးရှောင်များသို့  ပြန်လည်ပေးအပ်ရန် သက်ဆိုင်ရာခရိုင်မှုးထံသို့ အကြောင်းကြား တောင်းဆို ထားကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

̏  တိန်ညိုဒုက္ခသည် စစ်ဘေးရှောင်စခန်းမှာ ရိက္ခာပြတ်လပ်သွားတာ ၁၅ ရက် ရှိပြီးလို့ စခန်းကော်မတီဝင်တွေ အသိပေးလို့ ကျနော်သိရတယ်။ အပြင်က ဆန်တွေကို ချေးငှားပြီးတော့ စားသုံးနေရတယ်လို့ ပြောပါတယ်။ အဲဒီ စစ်ဘေးရှောင်စခန်းရဲ့ ဆန်အိတ် ၅ဝဝ လောက်ကို စစ်ကြောင်း တစ်ခုက ယူသွားပြီးတဲ့နောက်မှာ ဆန်အိတ် ၁၇ဝ က တိန်ညိုဘုန်းကြီးကျောင်းသစ်မှာ ကျန်နေသေးတယ်လို့ သိရပါတယ်။ ပြဿနာဖြစ်တော့ ဘယ်သူမှ အဲဒီဆန်အိတ်ကို မထိဝံ့ဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ကျန်ခဲ့တဲ့ ဒီဆန်အိတ်တွေကို စစ်ရှောင်တွေကို ပေးလို့ရနိုင်မလားဆိုပြီး သက်ဆိုင်ရာခရိုင်မှုးကိုတော့ ကျနော် အကြောင်း ကြားထားတာရှိပါတယ်။ သူကတော့ အဆင်ပြေမှာပါ။ သူကြိုးစားပါမယ်လို့ သူက ပြန်ပြောပါတယ် ̋ ဟု ပြောသည်။

မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၇၅ စု၊ လူဦးရေ ၃ဝဝဝ ကျော်ခန့် နေထိုင်လျက်ရှိပြီး တစ်လကို ပုံမှန်ဆန်အိတ် ၁ဝဝဝ ကျော်ခန့်  လိုအပ်ကြောင်း စစ်ဘေးရှောင်စခန်း ကော်မတီဝင်များမှ သိရှိရသည်။

တိန်ညိုစစ်ဘေးရှောင်စခန်းကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလတွင် စတင်ပြုလုပ် တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ