သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရေတပ်သင်္ဘောကိုပစ်ခတ်ခဲ့တဲ့အနီးမှာတည်ရှိတဲ့ ကျောက်မှော်ပိုက်ဆိပ်မီးရှို့ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 3.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျေးတောအုပ်စု၊ ကျောက်မှော်ပိုက်ဆိပ် ယနေ့နံနက်ပိုင်း၌ မီးရှို့ခံလိုက်ရသည်ဟု ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မြေပုံမြို့နယ် ပေါက်တူးတောင်ကျေးရွာသားတစ်ဦးက “ မီးလောင်တာဟုတ်ပါတယ်။ မနက်ပိုင်း ၆ နာရီကျော် ၇ နာရီဝန်းကျင်လောက်ရှိတယ်။ စစ်တပ်က တိုက်သွားတာလို့သိရပါတယ်။ ကျောက်မှော်ဆိုတာက ကျနော်တို့ ပေါက်တူးတောင်နဲ့ တစ်မိုင်လောက်ပဲရှိတာ၊ သိပ်မဝေးပါ။ အဲဒီနားမှာ ငါးဖမ်းသမားတွေနေလို့မရ အောင်အားလုံးဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။” ဟုပြောသည်။

အဆိုပါ မီးရှို့ဖြစ်စဉ်နှင့် ပတ်သက်ပြီူ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနီကျော်အား ဆက်သွယ်ရာ ၎င်းက အမည်မသိ လူတစ်ဦးမှ မီးရှို့သွားကြောင်း ကနဦး သတင်းရရှိသည်ဟု နိရဥ္စရာ သတင်းဌာနသို့  ပြောကြားသည်။

“ဒီနေ့ မနက်က ဖြစ်တာပါ။ အမည်မသိ လူတစ်ဦးက ငါးဖမ်းပိုက်တွေကို မီးရှို့သွားတယ်လို့ သိရပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနီကျော်က ပြောသည်။

ကျေးတောကျေးရွာမှ မသန်းသန်းဝင်းဆိုသူ အမျိုးသမီးတစ်ဦးကလည်း ကျောက်မှော် ပိုက်ဆိပ်မီးတိုက်ခံရခြင်းမှာ ဟုတ်မှန်ကြောင်း၊ ကျေးတောကျေးရွာကနေပြီး မီးခိုးလုံးများထွက်နေသည်ကို မြင်တွေ့ရကြောင်း ပြောသည်။

မသန်းသန်းဝင်းက “ဘယ်သူတိုက်တယ်ဆိုတာကို တော့မသိဘူး။ဒါပေမဲ့ မီလောင်တာတော့တွေ့တယ်။ ငါးဖမ်းပိုက်တွေနဲ့  တဲတွေမီးလောင်သွားတယ်လို့သိကြားရပါတယ်” ဟု ပြောသည်

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ စစ်တပ်က မီးရှို့သည်ဟုပြောဆိုခြင်းမှာ မဟုတ်မမှန် ဝါဒဖြန့်ခြင်းသာ ဖြစ်သည်ဟု တု့ံ့ပြန်ပြောဆိုသည်။

“အဲဟာကမဟုတ်ဘူးဗျ။ ကျနော်ပြောထားပြီးသား ကျနော်ခဏ ခဏပြောနေပြီးသား။ ကျနော်တို့တပ်မတော်သည် နော် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စည်ပင်သာယာဝဖြိုးရေးအတွက် ဟုတ်လား တစ်ဘက်တစ်လမ်းကနေပြီးတော့မှ နိုင်သလောက်အကုန်လုပ်ပေးနေတဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်။ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုးဖြစ်အောင်တော့ မလုပ်ဘူးဗျ။ အဲဒါတော့ တမင်ဝါဒဖြန့်တာဖြစ်မယ်။"ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြန်လည်တုန့်ပြန်ဖြေကြားသွားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ် မီးသတ်ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ၄င်းတို့အနေဖြင့် မကြားသိရကြောင်း ပြန်လည်ဖြေကြားသွားသည်။

မြေပုံမြို့နယ် ပေါက်တူးတောင်ကျော်မော်အနီးတွင် ဇူလိုင်လ ၁၉ ရက်နေ့၌ ရေတပ်သင်္ဘောနှစ်စီးနှင့် AA က လက်နက်ကြီးများ တိုက်ခိုက်ခဲ့သဖြင့် မြန်မာတပ်မတော်ဘက်က အထိအခိုက် အကျအဆုံး တစ်ချို့ရှိခဲ့ကြောင်း၊  တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံအများအပြားလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ