သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့တွင် NGO ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 3.4k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၉/၂ဝ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် NGO ဝန်ထမ်းတစ်ဦး  သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာ ပြင်းထန်စွာရရှိသွားသဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသနေရသည်ဟု သတင်းရရှိသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ မင်းပြားမြို့နယ် ရွှေတမာကျေးရွာမှ မောင်ရဲလင်းနိုင်(၂၅)နှစ် (ဘ) ဦးသာချမ်းအောင်ဖြစ်ပြီး မြောက်ဦးမြို့ရှိ PLAN အမည်ရှိ NGO တစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောင်ရဲလင်းနိုင်သည် ဇူလိုင်လ ၂၈ ရက်နေ့က စစ်တွေမှ မြောက်ဦးသို့အပြန် မြောက်ဦးမြို့ ကျောက်ရစ်ကေ ရပ်ကွက်တွင် ည ၈ နာရီခန့်၌ စစ်တပ်က ပစ်ခတ်မှုကြောင့် ထိုသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း မောင်ရဲလင်းနိုင်၏ အစ်မဖြစ်သူ ဒေါ်ရီရီမြင့်က မီဒီယာများသို့ ပြောသည်။

" ကျမမောင်လေးက နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှာ လုပ်နေတာပါ။ မနေ့ကည ၈ နာရီလောက်မှ အဖေက ဖုန်းဆက်ပြီး ရဲလင်းနိုင် ဆေးရုံတင်ထားရတယ်ဆိုပြီးပြောတယ်။ ဘာဖြစ်တာလဲလို့ မေးတော့ မသိဘူး။ အဖေက အမြန်သွားပါဆိုပြီး ပြောတယ်။ ကျမကလည်း မနေ့က နာရေးကားကို အကူအညီတောင်းပြီး မနေ့ည ၁ဝ နာရီလောက်မှာ ပန်းမြောင်းကနေ လိုက်လာ တာပါ။ ရောက်တဲ့အချိန်မှာ စစ်တပ်ကပစ်တာလို့သိရပါတယ်။ စစ်သားတစ်ယောက်က ပြောတယ်။ တော်တော်ကံကောင်းသွားတယ်။ ကျနော်တို့က ရပ်ရပ်ဆိုတာကို မရပ်လို့ ပစ်လိုက်ရတာလို့ ပြောပါတယ်” ဟု ဒေါ်ရီရီမြင့်က ပြောသည်။

မြောက်ဦးဆေးရုံမှ ဆရာဝန်က မိသားစုထံမှ ယမန်နေ့ည ၈နာရီခန့်တွင် ဖုန်းဆက်ပြီး ရဲလင်းနိုင် ဆေးရုံရောက်နေသည်ဟု အကြောင်းကြားလာခဲ့ကြောင်း၊ ည ၉နာရီခန့်တွင် တစ်ကြိမ် ထပ်မံပြီး အခြေအနေစိုးရိမ်ရကြောင်း အဆက်သွယ်လာ၍ အကြောင်းအမျိုးမျိုးကြောင်း မသွားရောက်နိုင်သည့် အတွက် မင်းပြားမြို့နယ် ပန်းမြောင်းတွင် ရှိနေသည့် သမီးအား ဖုန်းဆက်ပြီး သွားခိုင်းခဲ့ကြောင်း ဦး သာချမ်းအောင်က ပြောသည်။

“ ကျနော်တို့က ဒီမနက်မှလိုက်လာတာ ပါ။ အကြောင်းအမျိုးမျိုးကြောင်း မနေ့က သတင်းကြားတဲ့ အချိန်ကနေလိုက်မလာနိုင်ခဲ့ဘူး။ မင်းပြားပန်းမြောင်းမှာရှိတဲ့ သမီးကို သွားခိုင်းလိုက်တယ်။ ဒီမနက် မြောက်ဦးဆေးရုံမှာ သားကိုတွေ့တော့ဝမ်းနည်းပြီး ဘာမှ မမေးနိုင်ဘူး။ ဘယ်လို ဖြစ်တယ် ဆိုတာကို မပြောတတ်ဘူး။ ကျနော်ကလည်း သားနဲ့စကားမပြောရသေးဘူး။"ဟု ဦးသာချမ်းအောင်ကပြောသည်။

ထိုသို့ စစ်တပ်က ပစ်ခတ်မှုကြောင့် ရဲလင်းနိုင်မှာ ဘယ်ဘက်ရင်အုံတွင် ကျည်ဆံ ထိမှန်ခဲ့ပြီး မြောက်ဦးဆေးရုံမှတဆင့် ယနေ့နံနက်ပိုင်းတွင် စစ်တွေဆေးရုံသို့ ဆေးကုသမှု ခံယူရန် ယူဆောင်လာခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူ ရဲလင်းနိုင်အား  အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံထားရကြောင်း၊ မည်သည့် အတွက်ကြောင့် အကြမ်းဖက်မှုဖြင့် အမှုဖွင့်သည်၊ မည်သည့်ပုဒ်မနှင့် အမှုဖွင့်သည်ကို မသိရသေးကြောင်း၊ တရားသူကြီးမှ ရမန် ၁၂ ရက် ပေးပြီး  စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် လုံခြုံရေး ရဲဝန်ထမ်း ၆ ဦးဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း  ဖခင်ဖြစ်သူ ဦးသာချမ်းအောင်က ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းစုံစမ်းရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့် ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှုကြီး ဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှုမရှိသည့် အတွက် တပ်ဘက်က သဘောထားကို တင်ပြပေးနိုင်ခြင်းမရှိသေးပါ။

ဆက်စပ် သတင်းများ