အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

၆ လကြာအချုပ်ထဲတွင် နေထိုင်ခဲ့ရသည့် ၁၇(၁) ပုဒ်မဖြင့် တရားစွဲခံထားရသည့် သက်ကြီးပိုင်းနှစ်ဦး အပြစ်မရှိ၍ လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလို်င် ၃၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁)အရ တရားစွဲခံထားရသည့်သက်ကြီးပိုင်းနှစ်ဦးသည် အချုပ်ထဲတွင် (၆) လ နေထိုင်ခဲ့ရပြီးနောက် ပြစ်မှု တစ်စုံတစ်ရာမရှိသဖြင့် ယနေ့  ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

လွတ်မြောက်လာသူနှစ်ဦးမှာ ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာမှ အသက် ၆ဝ ဝန်းကျင်ခန့်ရှိကြသော ဦးစိန်သာကျော်နှင့် ဦးမောင်စိန်ဦးတို့ဖြစ်သည်။

သူတို့နှစ်ဦးအား မှားယွင်းစွာတရားစွဲဆိုမှုအဖြစ်သတ်မှတ်ကာ စွဲချက်မတင်ဘဲ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရသေ့တောင်မြို့နယ်တရားရုံးက လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

"စွဲဆိုထားတဲ့ပြစ်မှုနဲ့ ငြိစွမ်းမှု တစ်စုံတရာမပေါ်ပေါက်တဲ့အတွက် စွဲချက်မတင်ဘဲ လွှတ်တဲ့ အမိန့်ကိုချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြီးရင် အမှုကို ဥပဒေအရ မှားယွင်းမှုဆိုပြီးတော့ သတ်မှတ် ပေးခဲ့ပါတယ်။ သူတို့ဆီက သိမ်းထားတဲ့ ဖုန်း ၃ လုံးကိုလည်း ပြန်ပေးစေဆိုပြီးတော့ ချမှတ်ခဲ့ပါတယ်"ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

လွတ်မြောက်လာသူနှစ်ဦးသည် ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရသေ့တောင် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးပိုင်စိုးခိုင်က တရားလိုလုပ်ကာ တရားစွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တရားစွဲခံခဲ့ရသူနှစ်ဦးသည် ယင်းနေ့က ကြိမ်သာရွာ၏လက်ဝဲဘက် တောင်တစ်ဘက်ရှိ သူတို့၏ စိုက်ခင်းများအတွင်း နွားနို့ညှစ်ပြီး တောကြက်ထောင်နေစဉ် သေနတ်သံများ ပေါ်ပေါက်လာရာမှ ၎င်းတို့၏ တဲအနီး ပုန်းအောင်းနေစဉ် စစ်တပ်က ဖမ်းဆီးခဲ့သည်။

၎င်းတို့သည် တိုက်ပွဲ ဖြစ်ပွားနေစဉ်  ရွာရှိ မိသားစုနှင့် ဖုန်း အဆက်အသွယ်လုပ်ခဲ့သည့်အတွက် မတရားအသင်းနှင့် ဆက်သွယ်သည်ဟု မှားယွင်းစွပ်စွဲကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟုလည်း ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

"သူတို့က ကိုယ့်ရဲ့ လယ်တဲထဲမှာရှိနေကြတာလေ။ ကြက်ထောင်ရင်းနဲ့၊ နွားကျောင်းရင်းနဲ့ နွားနို့ ညှစ်ရင်းနဲ့ ကြံစိုက်ထားတာတွေကို ခါတိုင်းလုပ်နေကျအလုပ်နေချိန်မှာ တိုက်ပွဲဖြစ်တဲ့အနီးမှာ ရှိသွားတာ။ အဲဒါကို သူတို့က အိမ်ကို သတင်းပို့နိုင်ခဲ့တယ်။ ဆရာတို့လည်း ရှိတယ်။ တပ်က လူတွေလည်းရှိတယ်ဆိုတာ။ ဒါပေမယ့် တောထဲမှာ နှစ်ရက်နေလိုက်ရတယ်။ ဆိုတော့ စွဲတဲ့အခါမှာတော့ ဒီလိုဖြစ်နေတဲ့အချိန်မှာ ဖုန်းလာတယ်ပေါ့လေ။ ဘယ်နှစ်ယောက်ကျလဲ၊ ဘယ်နှစ်ယောက်ဒဏ်ရာရလဲ။ ဒါသည်ပင် မတရားအသင်းနဲ့ ဆက်သွယ်ရာရောက်မယ်ဆိုပြီးတော့ စွပ်စွဲခဲ့တယ်။ ဒါပေမယ့် တရားလို ဗိုလ်မှူးပိုင်စိုးခိုင်အပါအဝင် လိုပြသက်သေတွေကို စစ်လိုက်တဲ့အခါမှာ မဟုတ်ဘူး။ အဲဒီဖုန်းက စောမေရွာက မရီးတော်တဲ့ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ဖြစ်နေတဲ့ မရီးအတွက် နွားနို့သွားညှစ်တာသူတို့က။ ပြီးရင် တောကြက်သား စားချင်တယ်ဆိုလို့။ အဲဒီတော့ သူတို့ဆီဆက်တဲ့ဖုန်းက သူ့အစ်ကို အဖိုးကြီးပေါ့နော်။ လိုပြသက်သေအဖြစ်ပါဝင်တဲ့ ဦးအောင်သာကျော်ရဲ့ဖုန်းဆိုတာ ထင်ရှားပြီးတော့ ပေါ်လွင်သွားခဲ့တယ်။"ဟု ရှေ့နေဒေါ်အေးနုစိန်က ဆိုသည်။

ယခုကဲ့သို့ တရားစွဲဆိုထားမှုသည် မှားယွင်းမှုအဖြစ် တရားရုံးက သတ်မှတ်လိုက်ခြင်းသည် အမှုပေါင်း ၁ ထောင်တွင် ၁ မှုခန့်သာ ဖြစ်တောင့်ဖြစ်ခဲသည့်ဖြစ်ရပ်ဖြစ်သည်ဟုလည်း ဒေါ်အေးနုစိန်က ပြောသည်။

ဆက်စပ် သတင်းများ