ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်အတွင်း ရဲကားတန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရဟု ဒေသခံများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 3.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၁/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယူကမ်း တောင်ဦးအနီးရှိ အောင်ဗလကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြားတွင် ယနေ့ နက်နက် ၇ နာရီ ကျော်ခန့်က တပ်ရင်း အပြောင်းအလဲ လုပ်သည့် နယ်ခြားစောင့် ရဲကားတန်း တစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

၎င်းတိုက်ခိုက်မှုမှာ ရသေ့တောင်မြို့နယ်၊ မေယူကမ်း အောင်ဗလကျေးရွာနှင့် ဒုံးပိုက်ကျေးရွာ အကြား ယိုထောင့်မြောင်တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

“လူကတွေကတော့ ဘာမှမဖြစ်ပါဘူး။ ထိခိုက်ဒဏ်ရာမရဘူးပေါ့နော်။ မိုင်းအမျိုးအစားကိုလည်း ကျွန်တော်တို့မသိဘူးလေ။ ဘယ်ကထောင်တာလဲဆိုတာလည်း ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ မပြောနိုင်ဘူး။ ပေါက်သံတစ်ခုဘဲ ကြားပါတယ် ”ဟု အငူမော်ကျေးရွာမှ ဦးသိန်းထွန်းမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မိုင်းမှာ တစ်လုံးတည်းဖြစ်ပြီး ရသေ့တောင်မြို့နယ် အောင်ဗလကျေးရွာနှင့် ဒုံးပိုက်ကျေးရွာတို့ အကြား တံတားငယ်အနီးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ရဲတပ်ရင်း အပြောင်းအလဲလုပ်စဉ် လမ်းတွင် မိုင်းပေါက်ကွဲခြင်းဖြစ်သည်ဟု သိရကြောင်း၊  ပေါက်ကွဲသည့်မိုင်းမှာ မပြင်းထန်ဟု သိရကြောင်း၊ သို့သော် ကားတန်းမှာ ကိုးတန်ကောက် ကျေးရွာအနီးတွင် ရပ်တန့်သွားကြောင်း ၎င်းက ပြောကြားသည်။

အောင်ဗလ ကျေးရွာသား တစ်ဦးက “၆ လတစ်ကြိမ် ရဲတပ်ရင်းက အပြောင်းလဲလုပ်ပါတယ်။ အခုလည်း သူတို့ ၆ လပြည့်လို့ ကားအစီး ၁ဝ ကျော်နဲ့ တပ်ပြောင်းနေတုန်း အဲဒီလမ်းကိုရောက်တာနဲ့ မိုင်းကပေါက်သွားတာ။ မိုင်းကတော့ တစ်လုံးလေ။ မိုင်းက သိပ်မပြင်းပေမယ့် ရဲတပ်ဖွဲ့ဝင် တစ်ချို့ အနည်းငယ်စီ ထိခိုက်မှု ရှိတယ်လို့ ကြားပါတယ်”ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အနောက်ပိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦ၏ သဘောထားအား သိလို၍ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့ရာ မိုင်းပေါက်ကွဲခြင်းမှာ မှန်ကန်ပြီး AA က လူသွားလမ်းပေါ်တွင် ထောင်ထားခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“ ရဲကားတန်းက တိုက်ဆိုင်လို့ ဖြစ်သွားတာပါ။ AA က လူသွားလမ်းပေါ်မှာထောင်တာပါ။ လူတွေကို မထိတာက ကံကောင်းပါတယ်။ သူတို့က ကျွန်တော်တို့ တပ်တွေရော၊ ပြည်သူတွေရော သွားတဲ့ လူသွားလမ်းပေါ်မှာထောင်တာပါ။ တစ်လုံး ပေါက်ကွဲပါတယ်” ဟု ပြောကြားသည်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာ လူသွားလမ်းပေါ်တွင်  ပြည်သူကို ထိခိုက်အောင် သူတို့အနေဖြင့် မိုင်းထောင်ခြင်း လုံးဝ မရှိကြောင်း၊ ရဲများအနေဖြင့် ရဲအလုပ်ကို မလုပ်ခြင်း၊ အများစုမှာ စစ်တပ်အသွင်ပြောင်းရဲများဖြစ်၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
 
အငူမော်ကျေးရွာနှင့် ကုလားချောင်းကျေးရွာကြား မယူရှင်မနတ်ကွန်းအနီးတွင်လည်း ဇူလိုင်လ ၃ဝ ရက်နေ့က မိုင်း ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ