ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အုတ်ဖော်ကျေးရွာဆိုင်ခန်းများမှ ပစ္စည်းများကို တပ်မတော်သားများ ယူဆောင်သွားဟုရွာသားများပြောဆို၊ မဟုတ်မှန်ကြောင်း တပ်ဘက်ကငြင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အုတ်ဖိုခေါ်အိုးဖောက်ကျေးရွာ စျေးဆိုင်ခန်းများမှ ပစ္စည်းများကို တပ်မတော်စစ်ကြောင်း တစ်ခုမှ ဖွင့်ဖောက်ယူဆောင်သွားကြောင်း ကျေးရွာသားများက ပြောဆိုပြီး၊ ၎င်းမှာ မဟုတ်မှန်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ငြင်းဆိုသည်။

သြဂုတ် ၉ ရက်နေ့ ညနေပိုင်းက အိုးဖောက်ရွာသို့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းမှ စစ်သားများသည် စျေးဆိုင်များ၊ အိမ်များရှိ တံခါးများ၊ မှန်ဘီဒိုများကို ရိုက်ချိုးဖျက်ဆီးကာ ကျပ်သိန်း ရာနှင့် ချီပြီး တန်ဖိုးရှိသော ဖုန်းများ၊ အင်ဂျင်များ၊ စားသုံးကုန်ပစ္စည်းများကို ယူဆောင် သွားကြသည်ဟု ရွာသားများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ယူဆောင်သွားသည်ဟု ပြောကြားချက်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ဆက်သွယ်ရာ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ကြားလည်း မကြားမိပါဘူး။ အဲဒါ ဟုတ်လည်း မဟုတ်ပါဘူး။ အဲသလိုလည်း မဖြစ်နိုင်ပါဘူး။ အဲဒါက သူတို့ အပြောဘဲ ဖြစ်တယ်လေ။ ဘယ်သူက သက်သေ သက်ကာယ ရှိလို့လဲ။ ကျွန်တော်တို့က အဲသလို ပြည်သူလူထု ဒုက္ခရောက်မယ့် ဟာမျိုး၊ လူထုရဲ့ ပစ္စည်းကို ဘာမှ ဝန်ထုပ် ဝန်ပိုးဖြစ်အောင် မလုပ်ဘူး။ အဲဒီသတင်းတွေသည် အလကား ဟုတ်လား၊ ကျွန်တော်တို့ အဖွဲ့အစည်းကို တမင်ကို နာမည် ပျက်အောင် လုပ်တာ။ ဘေးကနေပြီး ကျွန်တော်တို့ အဖွဲ့အစည်းကို တမင်ကို နာမည်ပျက်အောင် ယုံကြည်မှု မဲ့အောင် တမင် လုပ်တယ်လို့ဘဲ ပြောချင်ပါတယ်”ဟု ပြောဆိုသည်။

ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုအေးကျော်က “ ကျွန်တော်တို့က ကြောက်ပြီး ရွာပြင်မှာ သွားရှောင်နေစဉ်မှာ  ဖောက်သွားတာပါ။ တံခါးတွေဖွင်ပြီးတော့ ယူတာတွေရှိပါတယ်။ အကုန်လုံးကို  ချိုးဖျက်ပစ်ခဲ့တာလည်း ရှိတယ်။ မှန်ဘီဒိုတွေကိုလည်း အကုန်လုံး သူတို့က ချိုးဖျက်ပစ်ခဲ့တာ။ သိန်း ၁၆ဝ ဖိုးလောက် ပါသွားပါတယ်။ ခန့်မှန်းရတာပေါ့။ ဖုန်းတွေ၊ အင်ဂျင်တွေ အဒက်တာတွေ၊ ခေါက်ချိုး TV တွေ၊ ဘင်္ဂလာက လာတဲ့ ဓာတ်မီးတွေ   အကုန်လုံး ယူသွားပါတယ်။ ည ၈ နာရီကျော်လောက်ရှိတယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း ကြောက်ပြီးထွက်ပြေးနေရတယ်။ သပြေဆိပ်ကျေးရွာမှာ ရောက်နေတယ်လေ။ အိမ်ထဲကဆိုင်ကို ဖောက်တာပါ။ စျေးထဲကဆိုင်ကိုတော့ သူတို့ဖောက်တာ အဆင်မပြေခဲ့ဘူး။ တံခါးတွေတော့ လစ်ဟာနေတာ ရှိတယ်။ တစ်ခြားဆိုင်သည်မတွေလည်းရှိတယ်။ သူတို့ဆီကလည်း အများကြီး ပါသွားတာ ရှိတယ်။ စားကုန်ဆိုင်တွေလေ” ဟု ပြောဆိုသည်။

ဦးဇော်ဦးနှင့် မရီရီမြင့်ဆိုင်က စားကုန် အများအပြား ပါသွားကြောင်း၊ ဒီဇယ်ပေပါ ၄ လုံးခွဲကို ချောင်းထဲတွင် ကပ်ထားသည့် ဇက်ရေယာဉ်ပေါ်သို့တင်ဆောင်ယူသွားကြောင်း၊ ဇက်သင်္ဘော ပေါ်သို့ ချယူသွားသည့် ပေပါများ၏ အရာများကို မြေကြီးပေါ်တွင် တင်ကျန်နေခဲ့သည်ကို အထင်းသားမြင်ရကြောင်း၊ ဦးမောင်ခင်သန်းဆိုင်မှလည်း သိန်း ၁၇  ဖိုးလောက်ပါ သွားကြောင်း၊ တစ်ခြားဆိုင် ၁ဝ ကျော်မှလည်း ပစ္စည်းအများအပြားကို ယူဆောင်သွားကြောင်း တစ်ခြား ကျေးရွာသား တစ်ဦးက ပြောသည်။

ဦးရွှေမောင်ဆိုင်မှ ၁၇သိန်း၊ ဦးကျော်မြအောင်ဆိုင်မှ ၁ သိန်းဖိုးခန့်၊ ဦးဝင်းယေဆိုင်မှ ၃ သိန်းဖိုးခန့်၊ ဦးဝင်းနိုင်ဆိုင်မှ ၇ သိန်းဖိုးခန့်၊ ဦးမောင်သိန်းဖြူဆိုင်မှ ၁ သိန်းဖိုးခန့်၊ ဦးကျော်လှအောင်ဆိုင်မှ ၃ သိန်းဖိုးခန့်၊ ဦးဦးစိန်ထွန်းဆိုင်မှ ၂ သိန်းဖိုးခန့် ပါသွားသည်ဟု ၎င်းက ပြောဆိုသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကို်ယ်စားလှယ် ဒေါ်ခင်စောဝေက “ ကျွန်မဆီကို ရွာသားတွေ မနက်ကတည်းက သတင်းပို့ကြတယ်။ ဆိုင်တွေက ပစ္စည်းတွေကို စစ်သားတွေက ဆိုင်ကို ဖွင့်ပြီး ချယူသွားတယ်လို့ ပြောတယ်။ အခု ကျွန်မ စာရင်းလုပ်ခိုင်းထားတယ်။ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေကို တင်ပြသွားမယ်။ သူတို့ ဒီလို အရင်က တင်ပြတာတွေကို အရေးယူဆောင်ရွက်တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် ကျွန်မက လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ပြည်သူတွေက တင်ပြလာတဲ့ အပေါ်မှာ ကျွန်မတို့ကတော့ တင်ပြသွားရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ကျေးရွာသားများက အဆိုပါ တပ်ရင်းမှာ မည်သည့် တပ်ရင်းဟု မသိရသော်လည်း ရွာတွင် ကျန်နေခဲ့သည့် အနီရောင် လည်စည်းတစ်ခုတွင် ခလ၇ ၂၇၄ ဟု ရေးသားထားသည်ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ