ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အငူမော်ပစ်ခတ်မှုဖြစ်စဉ်တွင် အရပ်သားတစ်ဦးသေဆုံး၊ သေဆုံးသူအလောင်း ညနေ ၄ နာရီကျော်ထိ မကောက်နိုင်သေးဟု မိသားစုများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.7k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၂၁/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မယူကမ်း အငူမော်တွင် ယနေ့နံနက် ၁ဝ နာရီက ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားတစ်ဦး ကျည်ဆံထိမှန် သေဆုံးသွားခဲ့ပြီး ညနေ ၄ နာရီ မိနစ် ၄၅ ထိ အလောင်းကို မကောက်နိုင်သေးဟု သိရသည်။

သေဆုံးသွားသူမှာ အငူမော်ကျေးရွာမှ ဦးကျော်ဝင်း(၅၅)နှစ် ဖြစ်ကြောင်း၊ အခြေအနေ မပေးသေးသဖြင့် အလောင်းကို မကောက်နိုင်သေးကြောင်း သေဆုံးသွားသူဦးကျော်ဝင်း၏ ညီဖြစ်သူက ပြောကြားသည်။

အငူမော် ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ယနေ့ ညနေ ၄ နာရီ မိနစ် ၅ဝ က ဆက်သွယ်ရာ အလောင်း မကောက်နိုင်သေးဘဲ ဖြစ်နေကြောင်း ပြောကြားသည်။

“ အခု ချိန်ထိ စစ်တပ်က ကင်းပုန်းဝပ်ထားတယ်။ ဘယ်နား ဘယ်သူရှိမှန်းမသိတော့ အလောင်းသွားမကောက်ရဲဘူး။ စစ်တပ်က တာဝန်ရှိသူတွေကိုလည်း ခုလို လူသေနေတာကို သွားမပြောရဲသေးဘူး။ စခန်းမှူးလည်း အနားမှာရှိပါတယ်။ အလောင်းအနီး မှာတော့ ကျွန်တော်တို့ ရောက်နေပါပြီ” ဟု ပြောကြားသည်။

သေဆုံးသွားသူ၏ ဇနီးဖြစ်သူ ဒေါ်မပုခိုင်မှာ နေမကောင်းသဖြင့် မကျည်းချောင်းသို့ ရောက်နေကြောင်း၊ မယူကမ်း အငူမော် အေးရှားဝေါ့လ် ဆိပ်ကမ်းတွင် ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်စဉ်တွင် သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးသွားသည်ဟု ကြားသိရကြောင်း ၎င်းက  နိရဥ္စရာ သတင်းဌာန သို့ပြောသည်။

“ကျမအိမ်ရှင်က သီးနှံစိုက်ခင်းကို မြေဆီသွားကြဲတာပါ။ သွားကြဲတဲ့အချိန်မှာ စစ်တပ်က ပစ်ခတ်မှုကြောင့် ခါးဆစ်ကို ကျည်ဆံထိမှန်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။ ကျမလည်း မမြင်ရသေးဘူး။ အလောင်းကို သွားလို့လည်း မကောက်ရသေးဘူးလို့ အဲဒီကလူတွေက ပြောပါတယ်” ဟု ဒေါ်မပုခိုင်က ပြောသည်။

သေဆုံးသွားသူမှာ အေးရှားဝေါ့လ်ဆိပ်ကမ်းနှင့် အငူမော်ပိုက်ဆိပ်ကြားတွင်ရှိသည့် ၄င်းတို့ ဖရဲသီးနှံခင်း အနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေါ်မပုခိုင်က ပြောသည်။

သေဆုံးသွားသူ၏အလောင်းအား သွားယူရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ရဲစခန်းသို့ သွာရောက်အကူအညီ တောင်းခံခဲ့သော်လည်း သွားယူရန်မသင့်တော်သေးကြောင်း ပြောသည်ဟု အငူမော်ကျေးရွာသားတစ်ဦးက ဆက်ပြောသည်။

အငူမော်ကျေးရွာသားတစ်ဦးက “သေတာတော့ မှန်ပါတယ်။ ဘယ်လိုဖြစ်လို့သေတာလဲ ဆိုတာအတိအကျ မသိရသေးပါ။ အဲ့ဒီနားကို ဘယ်သူမှမသွားရဲဘူးဖြစ်နေပါတယ် ” ဟု ပြောသည်။

ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် ကျေးရွာသားအချို့ ဘေးလွတ်ရာသို့ ကြောက်လန့် ထွက်ပြေးသွားကြကြောင်း၊ အငူမော် ရေချမ်းပြင်း ပြေးဆွဲနေသည့် လိုင်းဘုတ်များလည်း ပြေးဆွဲခြင်းမရှိ ရပ်နားထားကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အငူမော် အေရှားဝေါ့လ်ဆိပ်ကမ်းတွင် ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက် ၁ဝ နာရီခန့်က စစ်သားများတင်ဆောင်လာဆောင်လာသည့် ဇက်သင်္ဘောတစ်စီး ဆိုက်ကပ်စဉ် ပေါက်ကွဲသံ တစ်ခုထွက်ပေါ်လာပြီးနောက် စစ်တပ်မှ လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ