အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ပြည်နယ်သံဃနာယကအတွင်းရေးမှူးမီးဝဆရာတော်ကိုရန်ကုန်သို့ အရေးပေါ်ပို့ဆောင်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊မီးဝကျေးရွာမှ၊လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် ရခိုင်ပြည်နယ် သံဃနာယကအတွင်းရေးမှူး မီးဝကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးက္ကန္ဒကအား  ယနေ့ စစ်တွေ ဆေးရုံမှ ရန်ကုန်သို့ အရေးပေါ်ပို့ဆောင်မည်ဟု သတင်းရရှိသည်။

မီးဝဆရာတော်မှာ အဆုတ်ထဲသို့ လက်နက်ကြီးကျည်စ ဖောက်ဝင်သွားခဲ့ရာ စိုးရိမ်ရသည့်အတွက် စစ်တွေဆေးရုံမှ ရန်ကုန်သို့ ယနေ့ညနေ ၃ နာရီတွင် အရေးပေါ်ပို့ဆောင်ရမည်ဖြစ်ကြောင်း ဆရာတော်ကို အနီးကပ်ပြုစုနေသည့် ဦးမောင်အေးသိန်းက နိရဥ္စရာသို့ပြောသည်။

“ကျည်စက ရင်ဘတ်ကို ဖောက်ပြီး အဆုတ်ထဲကို ဝင်သွားပါတယ်။ ဆရာတော်ကတော့ သတိတော့ ရပါတယ်။ ညဥ့်အချိန်လောက်ကတော့ နည်းနည်းဖောက်ချင်သလို ဖြစ်ပါတယ်။ ဒဏ်ရာရချင်းက သွေးအန်တဲ့ အထိဖြစ်ပါတယ်”ဟု ဆရာတော်ကြီးအား အနီးကပ်ပြုစုစောင့်ရှောက်ပေးနေသူ ဦးမောင်အေးသိန်းက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဆရာတော် ဦးက္ကန္ဒကသည် သက်တော် (၆၈) နှစ်ရှိပြီး မဟာသတ္တဓမ္မဇောတိကဓဇနှင့် အဂ္ဂမဟာသတ္တ ဓမ္မဇောတိကဓဇ စသည့် ဘွဲ့ ၂ခု ရရှိထားကာ ရခိုင်ပြည်နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင်အသင်း၏ အတွင်းရေးမှူးလည်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆရာတော်နှင့်အတူ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် ကိုရင်မှာ ရှင်ဇနက(၁၁) နှစ်ကြောင်း၊ ၄င်းကိုရင်လေးတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ခေါင်း၊ ပါး၊ လက်၊ ဒူးဆစ်၊ ခြေသလုံးနှင့် တင်ပါးစသည့် နေရာအနှံ့အပြားတွင် ဒဏ်ရာရရှိခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
 
“ကိုရင်လေးကတော့ ဒဏ်ရာရတဲ့ နေရာများတယ်။ ဒါပေမယ့် ဆရာတော်ကြီးလောက်တော့ မပြင်းဘူးပေါ့နော်။ အခုတော့ အဲဒီကိုရင်လည်းပဲ စစ်တွေဆေးရုံမှာပဲ ဆေးကုသမှု ခံယူနေပါတယ်။” ဟု ဦးမောင်အေးသိန်းက ဆက်ပြောသည်။

အောက်တိုဘာ ၁ ရက်နေ့ နံနက် ၁ နာရီကျော် ညဉ့်အချိန်တွင် ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာတော် အပါအဝင် ကိုရင်တစ်ပါးနှင့် ရွာသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယင်းအထဲမှာ မီးဝဆရာတော်နှင့် ကိုရင်လေးသည်  ဒဏ်ရာပြင်းထန်သဖြင့် အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ်က စစ်တွေဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဆေးရုံသို့ လာရောက်ကြည့်ရှုသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက "ကျနော်တို့ အတတ်နိုင်ဆုံး ဆရာတော်ကြီး သက်သာအောင်တော့ အမြန်ဆုံးပေါ့နော်။ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆရာဝန်တွေကိုလည်းပဲ မှာထားတယ်။ လိုအပ်တာရှိရင် ကျနော်တို့ကို အချိန်မရွေးပြောဖို့၊ ထူးခြားဖြစ်စဉ်တွေကိုလည်း ကျနော်တို့ဆီကို အမြန်ဆုံးပို့ဖို့ အဲဒါတွေကိုတော့ ကျနော်တို့ ပြောထားပါတယ်။ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်သွားမှာပါ" ဟု ပြောဆိုသည်။

၄င်းပစ်ခတ်မှုသည် တပ်မတော်ရေတပ်သင်္ဘော(နေဗီ)ပေါ်မှ မီးဝကျေးရွာဘက်သို့ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် အဆက်မပြတ် ပစ်ခတ်စဉ်အတွင်း ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း မီးဝကျေးရွာသားများက ပြောဆိုသည်။

"ညတစ်နာရီ ၁၅ နဲ့၁၆ မိနစ်လောက်အချိန်မှာ စစ်သင်္ဘောပေါ်က ပစ်တာ။ အဲဒါ လက်နက်က တစ်လုံးတည်း ပစ်တာမဟုတ်။ အရှေ့အနောက် ပတ်ပတ်လည်က အကုန်ပစ်တာခင်ဗျ"ဟု မီးဝကျေးရွာဒေသခံ ဦးစောလှမောင်က ပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့သည့် ကျည်မှာ AA  ဘက်က ကျည်ဖြစ်နိုင်ကြောင်း နိရဥ္စရာသို့ ပြောသည်။

"တိုက်ပွဲဖြစ်တာကတော့ မှန်တယ်။ ကျနော်တို့ ဟုတ်လား။ ကျည်ကြောင့်တော့ မဖြစ်နိုင်ဘူး။ AA ရဲ့ ကျည်ကြောင့်ပဲ ဖြစ်မှာဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့က မီးဝရဲ့ အရှေ့ဘက်ကမ်းမှာရှိတာလေ။ ရန်သူက အနောက်ကနေ ပစ်တာလေ။ ရွာနဲ့ ကျနော်တို့က အတူတူပဲ။ အရှေ့ဘက်မှာရှိတာလေ။ ရန်သူက အနောက်ဘက်က ပစ်တဲ့ အတွက်ကြောင့် ကျည်ဆံက အနောက်ကနေ အရှေ့ကိုလာတာ။ ကျနော်တို့က အရှေ့ကနေ အနောက်ကို ပစ်တာလေ။ ရွာက အရှေ့ဘက်ကမ်းမှာရှိတာလေ။ တခြားစီပဲ" ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦး ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အောက်တိုဘာလ ၁ ရက်နေ့ ညဉ့်အချိန်မှာ မီးဝကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ စစ်တပ်က တစ်ဘက်သတ်ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း နိရဥ္စရာသို့ ပြောသည်။

"မီးဝနားမှာက တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူးဗျ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ ဆိုတော့ မနေ့ည ကနေပြီးတော့ ဖြစ်စဉ်မှာ ဗမာစစ်တပ်ကနေပြီးတော့ သူတို့ ရေတပ်သင်္ဘောကနေပြီးတော့ တစ်ဘက်သက်နေပြီးတော့ သူတို့ ပစ်တာ။ ဆိုတော့ အဲလိုပစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့နော် ဒီ အရပ်သားတွေထိခိုက်၊ ဟိုဥစ္စာပေါ့နော်။ ဒဏ်ရာရတဲ့ဥစ္စာတွေရှိတာပေါ့နော်။ ဆရာတော်တစ်ပါးအပါအဝင် " ခိုင်သုခ ကပြောဆိုသည်။

မီးဝရွာမှ ဒဏ်ရာရသူ ၅ ဦးထဲတွင် ဆရာတော်နှင့် ကိုရင်လေးအား ချက်ချင်း စစ်တွေကို ယူဆောင်ခဲ့ရပြီး ကျန် ၃ ဦးမှာ ကျောက်တော်မြို့နယ် ဆေးရုံတွင် ကုသနေရကြောင်း သိရသည်။

ဆက်စပ် သတင်းများ