ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပစ်ခတ်မှုများရှိနေ၍ ကျောက်တော်မြို့နယ် မီးဝကျေးရွာသား ၂ဝဝ ကျော် နေပူခံကျေးရွာသို့ ထွက်ပြေးခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.5k

ဆောင်းဇာခြည်

နိရဥ္စရာ၊ အောက်တိုဘာ၂ / ၂ဝ၁၉

ပတ်ခတ်မှု ၂ရက် ဖြစ်ပွားခဲဲ့ပြီးနောက် ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊မီးဝကျေးရွာမှ ကျေးရွာသား ၂ဝဝ ကျော်သည် အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်ကြောက်လန့်ကာ နေပူခံကျေးရွာသို့ ထွက်ပြေး ခိုလှုံလာကြသည်ဟု  သတင်းရရှိသည်။

“တပ်ဘက်က ပစ်ချည်းပစ်နေတော့ လူတွေက မနေရဲတော့ဘူးလေ။ စက်တင်ဘာ ၃ဝ ရက်နေ့နဲ့ အောက်တိုဘာ ၁ ရက်နေ့ တွေမှာ မီးဝကျေးရွာသား ၂ဝဝ ကျော်လောက် ကျွန်တော်တို့ နေပူခံ ကျေးရွာကို ရောက်လာပါတယ်။ စားနပ်ရိက္ခာကတော့ လောလောဆယ်မှာ ကျောက်တော်မြို့ရဲ့ ရပ်ကွက်တွေက လာလှူကြပါတယ် ” ဟု မီးဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွှန့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မီးဝကျေးရွာတွင် အိမ်ထောင်စု ၃၂၉ စု၊လူဦးရေ ၁၃၆၉ ရှိပြီး ယင်းထဲမှ နေပူခံကျေးရွာသို့ ရွာသား ၂ဝဝကျော် ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

နေပူခံကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် မီးဝကျေးရွာမှ ဦးမြင့်ဝင်းက “စားဝတ်နေရေးတော့ လောလောဆယ် အဆင်ပြေပါတယ်။ ကျန်းမာရေးအတွက်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် သမီးလေးက ကျောင်းမတက်ရဘူး  ပေါ့နော်။ နှစ်ဝက်စာမေးပွဲလည်း နီးနေပါပြီ။ အခုလိုဆိုတော့ ပညာရေးကို ထိခိုက်ပါတယ်။ ဒီထဲမှာ တခြား ကျောင်းမတက်ရတဲ့ ကလေးတွေလည်းပါပါတယ်။ လောလောဆယ်ဆိုတော့ ဒီက လူကြီးတွေကလည်း စီစဉ်ပေးဖို့ မအားသေးဘူးလေ ” ဟု နိရဥ္စရာသို့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသူများသည် နေပူခံကျေးရွာရှိ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်လျက်ရှိကြပြီး ၄င်းအထဲတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊သူများလည်း ပါကြောင်း သိရသည်။

စစ်ရှောင်များ၏ စားဝတ်နေရေးအား ကူညီဆောင်ရွက်ပေးနေသည့် ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာ ပရဟိတအသင်းမှ ဥက္ကဋ္ဌ ကိုညီပုက  “လူဦးရေ စာရင်းတော့ အတိကျ မကောက်ရသေးဘူးပေါ့နော်။ သူတို့ စားသောက်ဖို့အတွက် လုပ်နေရလို့ပါ။ ပထမနေ့ကတော့ လူ ၁ဝ၃ ယောက် ရောက်တယ်။ အောက်တိုဘာ ၁ ရက်နေ့ကလည်း ၁ဝဝ ကျော်ရောက်ပါတယ်။”ဟု နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ် မီးဝကျေးရွာ ပစ်ခတ်မှုကြောင့် မီးဝကျေးရွာသား ၂ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး မီးဝကျေးရွာနှင့် ကပ်လျက် တည်ရှိသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဝရွာသစ် ကျေးရွာ သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း တပ်မတော်ရေတပ်သင်္ဘောမှ ပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည်ကျပြီး ရခိုင်ပြည်နယ် သံဃာနာယက အတွင်းရေးမှူး မီးဝကျောင်းထိုင်ဆရာတော်၊ ကိုရင်တစ်ပါးနှင့် ရွာသားသုံးဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု မီးဝကျေးရွာသားများက ပြောသည်။

ယင်းအထဲတွင် ဆရာတော်နှင့် ကိုရင်လေးမှာ ဒဏ်ရာပြင်းထန်သဖြင့်  ယမန်နေ့ နေ့လယ်က စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ပြီး ဆရာတော်မှာ အဆုတ်ကို  လက်နက်ကြီး ဖောက်ဝင်သွားခဲ့သဖြင့် ဒဏ်ရာစိုးရိမ်ရ၍   ယနေ့ညနေ ၃ နာရီက ရန်ကုန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သိရသည်။

မီးဝကျေးရွာပစ်ခတ်မှုနှင့် ပတ်သက်ပြီး  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက  မီးဝကျေးရွာအနီးပစ်ခတ်မှုဖြစ်ခဲ့ကြောင်း၊လက်နက်ကြီးကျည်မှာ AA ဘက်က ဖြစ်နိုင်ကြောင်း နိရဥ္စရာသို့ ပြောသည်။

ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ  ခိုင်သုခကလည်း”မီးဝနားမှာ တိုက်ပွဲဖြစ်တာလုံးဝမရှိဘူးဗျ။ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာလုံးဝမရှိဘူး။ သူတို့က တမင်ပစ်တာပါ”ဟု နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့သည် ၂ဝ၁၈ ခုနှစ်  ဒီဇင်ဘာလက စတင်ပြီး တိုက်ပွဲများဖြစ်ပွားလာခဲ့ရာ လက်ရှိတွင် ရခိုင်စစ်ရှောင်ဦးရေ ၆၄၉၅၁ ဦးရှိနေပြီဟု စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး(REC)၏ ရခိုင်စစ်ဘေးရှောင် လူဦးရေပြစာရင်းချုပ်အရ သိရသည်။


ဆက်စပ် သတင်းများ