စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင် သမိုင်းဝင်သုံးဆယ့်တစ်ဘုံဘုရားပရိဝုဏ်အတွင်းတပ်စွဲခြင်းမပြုလုပ်ရန် မြို့နယ်သံဃနာယမှ မေတ္တာရပ်ခံစာပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.4k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၃ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်မှ ရှေးဟောင်းသမိုင်းဝင် ပုထိုးတော်တစ်ဆူ ဖြစ်သည့် သုံးဆယ့်တစ်ဘုံဘုရား ပရိဝုဏ်အတွင်း တပ်စွဲပြီး ပစ်ခတ်ခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံစာကို မြို့နယ် သံဃနာယကအဖွဲ့မှ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သို့  ပို့ခဲ့ကြောင်း သိရသည်။

ယင်း မေတ္တာရပ်ခံစာကို အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သုံးဆယ့်တစ်ဘုံ စေတီမှာ၊ဘုရားတွေမှာ အမြှောက်ကျည်ကျတာတွေ ဘာတွေရှိတယ်ပေါ့။အဲဒါတွေကျတော့ ဦးဇင်းတို့က ဒီဘုရားပရိဝုဏ်အတွင်းမှာ တပ်တွေစွဲပြီး မနေစေချင်ဘူးလေ။တိုက်ပွဲဖြစ်နေတာတော့ မဆိုလိုဘူး ပေါ့။ တိုက်ပွဲကတော့ ဘယ်နေရာမှာပဲပေါ်ပေါ် ရှေးဟောင်းဘုရားဖြစ်နေတာကိုး။ဘုရားပရိဝုဏ်အတွင်းမှာ သူတို့တပ်တွေ ရှိနေတော့ ဘုရားတွေ ပျက်စီးတယ်။အဲဒါတွေ မဖြစ်စေချင်လို့ပါ”ဟု ဘူးသီးတောင်မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဌ ဘဒ္ဒန္တ တေဇောဘာသ က နိရဥ္စရာသို့ပြောသည်။

သုံးဆယ့်တစ်ဘုံဘုရားပရိဝုဏ်အတွင်း ဝပ်ကျင်း၊ကတုတ်ကျင်းများတူးကာ အကာအကွယ်ယူ ပစ်ခတ် တိုက်ခိုက်ခြင်းများကြောင့် ယင်းဘုရားအတွင်းရှိ ရုပ်ပွားဆင်းတုတော်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း စံဂိုး ထောင်ကျေးရွာမှ ဦးဝင်းလှစိန်က နိရဥ္စရာသို့ပြောသည်။

“လက်နက်အကြီးအငယ်နဲ့ ပစ်တာ။ ၆ဝ တို့နဲ့ ၁ဝ၇ တို့နဲ့ ပစ်တာလေ။ အဲဒါမှာ ရဟန္တာရုပ်ထုတွေမှာ ကျတယ်။ ဘုရားတွေမှာကျတယ်။ပျက်စီးသွားတာတွေကတော့ အများကြီးပဲ”ဟု ဦးဝင်းလှစိန်က ပြောသည်။

ဘူးသီးတောင်မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတေဇောဘာသ၏ မေတ္တာရပ်ခံသည့် စာထဲတွင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊စံဂိုးထောင်ကျေးရွာတွင် တည်ရှိသော ရှေ့ဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံ ဘုရားရင်ပြင်တွင် ဗုဒ္ဓရုပ်ပွားတော်များ၊သာသနိက အဆောက်အဦးများ၊စစ်လက်နက်ဒဏ်ကြောင့် ပျက်စီးနေမှုများကို ဝမ်းနည်းကြေကွဲဖွယ် တွေ့မြင်ရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ သာသနိက အဆောက်အဦးများ ပရိဝုဏ်များအတွင်း တပ်စွဲနေရာယူခြင်း မပြုလုပ်ကြရန် မြို့နယ်သံဃနာယကအဖွဲ့အနေဖြင့် အထူးမေတ္တာရပ်ခံအပ်ပါကြောင်း ပါရှိသည်။

ဗုဒ္ဓသာသနိက အဆောက်အအုံ ပရိဝုဏ်များအတွင်း တပ်စွဲနေရာယူခြင်းနှင့် ပတ်သက်ပြီးလည်း  စက်တင်ဘာလ ၂၅ ရက်နေ့က ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် ဘာသာရေး အဆောက်အဦးများကို အကာအကွယ်ယူပြီး တိုက်ခိုက်ခြင်းမပြုလုပ်ရန် ရခိုင်ပြည်နယ်အစိုးရက ဆောင်ရွက် ပေးသင့်ကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းအဆိုကို မင်းပြားမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က စက်တင်ဘာလ ၂၃ ရက်နေ့တွင် တင်သွင်းခဲ့ပြီး စက်တင်ဘာလ  ၂၅ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ (၃၁)ဦး၊မှတ်တမ်း အဖြစ် သဘောထားရန် တစ်ဦးဖြင့် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

(ဓာတ်ပုံ- ဦးအောင်သောင်းရွှေ-MP)

ဆက်စပ် သတင်းများ