သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရန်ကုန်သို့ အရေးပေါ်ပို့ဆောင်လိုက်ရသည့် ပြည်နယ်သံဃနာယက အတွင်းရေးမှူး မီးဝဆရာတော် ကျန်းမာရေးအခြေအနေ မစိုးရိမ်ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၃/၂ဝ၁၉

အောက်တိုဘာလ ၂ ရက်နေ့က စစ်တွေဆေးရုံမှ ရန်ကုန်သို့ အရေးပေါ်ပို့ဆောင်လိုက်ရသည့်  ရခိုင်ပြည်နယ် သံဃနာယက အတွင်းရေးမှူး မီးဝကျေးရွာကျောင်းထိုင်ဆရာတော်မှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေးအခြေအနေမှာ မစိုးရိမ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆရာတော်သည် ယမန်နေ့ ညနေ ၆ နာရီကျော်အချိန်တွင် ရန်ကုန်လေဆိပ်ကို  ရောက်ရှိခဲ့ပြီး ရခိုင် တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်ရှိ ရခိုင်လူမှုရေးအဖွဲ့အစည်းများက ဆရာတော်ကြီးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

“ဆရာတော်ကြီး မနေ့က ၆ နာရီ ရန်ကုန်ကို ရောက်တာပေါ့နော်။စစ်တွေကနေပြီးတော့။အဲဒါ ကျွန်တော်တို့ သွားပြီးသွားပြီး သယ်ဆောင်တယ်။ရန်ကုန်ဆေးရုံကြီးမှာ အထူးခန်းမှာပေါ့။ကုသမှုခံယူနေပါတယ်။ဆရာတော် ကြီး ကျန်းမာရေး အခြေအနေကတော့ ကောင်းပါတယ်ခင်ဗျ”ဟု ရခိုင်ပြည်နယ် ဘေးဒုက္ခကယ်ဆယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးစိန်လှိုင်က နိရဥ္စရာသို့ပြောသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဆရာတော်ကြီးကို ဓါတ်မှန်ရိုက်စစ်ဆေးရာတွင် ဆရာတော်ကြီး၏ အဆုတ်ထဲတွင် လက်နက်ကြီး ကျည်စငယ်တစ်ခုအားတွေ့ရကြောင်း  ၄င်းကဆက်ပြောသည်။

အောက်တိုဘာ ၁ ရက်နေ့က တပ်မတော်ရေတပ်သင်္ဘောမှ ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည်ကျပြီး ရခိုင်ပြည်နယ် သံဃနာယက အတွင်းရေးမှူး မီးဝကျောင်းထိုင်ဆရာတော်၊တစ်ပါးနှင့် ရွာသားသုံးဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု မီးဝကျေးရွာသားများက ပြောသည်။

ဆရာတော်နှင့် ကိုရင်လေးကို ဒဏ်ရာပြင်းထန်သောကြောင့်  အောက်တိုဘာလ ၁ ရက်နေ့က   စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ပြီး ဆရာတော်မှာ အဆုတ်အတွင်း လက်နက်ကြီးကျည် ဝင်သွားသည့် အတွက် ခွဲစိတ်မှုပြုလုပ်ရန် ယမန်နေ့ညနေက ရန်ကုန်သို့ အရေးပေါ်ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။
 
မီးဝကျေးရွာပစ်ခတ်မှုနှင့် ပတ်သက်ပြီး  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက  မီးဝကျေးရွာအနီးပစ်ခတ်မှုဖြစ်ခဲ့ကြောင်း၊လက်နက်ကြီးကျည်မှာ AA ဘက်က ဖြစ်နိုင်ကြောင်း နိရဥ္စရာသို့ ပြောသည်။

ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ  ခိုင်သုခကလည်း”မီးဝနားမှာ တိုက်ပွဲဖြစ်တာလုံးဝမရှိဘူးဗျ။ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာလုံးဝမရှိဘူး”ဟု နိရဥ္စရာသို့ပြောသည်။

ပစ်ခတ်မှု ၂ ရက်ဆက်တိုက်ဖြစ်ပြီး ရွာတွင် ဒဏ်ရာရသူများလာသဖြင့်  မီးဝကျေးရွာသား ၂ဝဝ ကျော်တို့မှာ အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်ကြောက်လန့်ကာ နေပူခံကျေးရွာစစ်ရှောင်စခန်းတွင် ထွက်ပြေး ခုံလှုံနေကြသည်ဟု သတင်းရရှိပါသည်။
 
ဓာတ်ပုံ- Daw Mya Thein Khin

ဆက်စပ် သတင်းများ