သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွား၍ ရွာသားများထွက်ပြေးနေချိန် ထီးစွဲကျေးရွာနေအိမ်အချို့နှင့် ကုန်စုံဆိုင်များဖောက်ထွင်းခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၇ /၂ဝ၁၉

တိုက်ပွဲများဖြစ်ပွားပြီးနောက် ရွာသားများ ထွက်ပြေးသွားနေကြချိန်တွင် ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာမှ နေအိမ်အချို့နှင့် ကုန်စုံဆိုင်များ ဖောက်ထွင်းခံရကြောင်း ကျေးရွာသားများက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ဖောက်ထွင်းခံလိုက်ရသည့် ကုန်စုံဆိုင်များမှာ ထီးစွဲကျေးရွာမှ ဦးဖြူဖြူ ကုန်စုံဆိုင်၊ ဦးသန်းနိုင်ဌေး၏ ဖုန်းနှင့် ကွန်ပျူတာပြုပြင်ရောင်းဝယ်ရေးဆိုင်၊ ဦးမောင်သန်းထွန်းကုန်စုံဆိုင်နှင့် ဒေါ်ခင်ဆန်းအေး ကုန်စုံဆိုင်တို့ ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက်က ဖောက်ထွင်းခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။

ဦးဖြူဖြူ နေအိမ်ကုန်စုံဆိုင်မှ စားသုံးဆီ၊ဓါတ်ဆီ၊ရေနံဆီ၊ဆေးလိပ်များ ယူဆောင်ခံရပြီး  ဦးသန်းနိုင်ဌေး ဖုန်းနှင့် ကွန်ပျူတာပြုပြင်ရောင်းဝယ်ရေးဆိုင်မှ ဖုန်းများ ယူဆောင်ခံရကြောင်း၊ ၎င်းပြင် ဦးမောင်သန်းထွန်း ကုန်စုံဆိုင်မှ (၅)သိန်းကျပ် တန်ဖိုး ရှိသည့် ကုန်ပစ္စည်းများကို ဖောက်ထွင်း ယူဆောင်ခံရ ကြောင်း၊ ဆုံးရှုံးမှု တန်ဖိုးကို မသိရသေးကြောင်း ၎င်းတို့က ပြောသည်။

ဖုန်းဆိုင်ပိုင်ရှင် ဦးသန်းနိုင်ဌေး၏ ဇနီး ဒေါ်ခင်ဆန်းအေးက “ကျွန်မတို့မှာက ကျောက်တန်ုးမှာ ကွန်ပျူတာတွေ၊ဖုန်းတွေ ပြုပြင်ရောင်းဝယ်ရေးလုပ်တော့ ပစ္စည်းတွေက အိမ်မှာသိမ်းထားတာ။ သေနတ်တွေ ပစ်ကြတဲ့နေကတည်းက ရွာကနေထွက်ပြေးလာပြီး ရွာသစ်ကေရွာမှာ ရောက်နေပါတယ်။ အခုကြားတာက ကျွန်မတို့အိမ်က ကုန်စုံဆိုင်ကို ဖွင့်လိုက်ပြီး အိမ်မှာ စစ်သားတွေ ဝင်ရောက်ပြီး ထမင်း ချက်ပြုတ်စားသောက် နေကြတယ်လို့ကြားပါတယ်”ဟု ပြောသည်။

၄င်းတို့နည်းတူ ဖောက်ထွင်းခံလိုက်ရသည့် ကုန်စုံဆိုင်ပိုင်ရှင် ဦးဖြူဖြူကလည်း ဆိုင်မှ ပစ္စည်းများအပြင် ၄င်းတို့ထွက်ပြေးစဉ်က ကျန်နေခဲ့သည့် အိမ်မွေးကြက်များအား စစ်သားများက ဖမ်းဆီးချက်ပြုတ်စားသောက်ကာ နေအိမ်များအား မွှေနှောက်ရှာဖွေနေကြောင်းသိရသည်ဟု ပြောသည်။

အောက်တိုဘာ ၅ ရက်နေ့ နေ့လယ်က ကျေးရွာအနီး တပ်မတော် ရေတပ်သင်္ဘော တစ်စီး တိုက်ခိုက်ခံရ ပြီးနောက် ပစ်ခတ်မှုများ  ဖြစ်ပွားခဲ့သောကြောင့် ထီးစွဲကျေးရွာသားများမှာ နေအိမ်ကိုစွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း ထီးစွဲကျေးရွာမှ ဆိုင်ခန်းများ၊ နေအိမ်များအား ဖောက်ထွင်းခံရခြင်းမှာ မှန်ကန်ကြောင်း၊အလားတူ ဖြစ်ရပ်များကိုလည်း မှတ်တမ်း ယူထားပြီး လွှတ်တော်တွင် အဆိုတင်သွင်းထားသော်လည်း ဆွေးနွေးခွင့် မရသေးကြောင်း နိရဥ္စရာသို့ပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ“ အဲဒီမှာ ကျွန်တော်တို့တပ်တွေမရှိဘူး။ AA က ဖောက်သွားတာ ဖြစ်နိုင်တယ်။ အဲဒီနားမှာ တပ်မရှိဘူး”ဟု ငြင်းဆိုသည်။

ထီးစွဲကျေးရွာတွင် အိမ်ခြေ ၁၅ဝကျော်၊လူဦးရေ ၇ဝဝ ကျော်ရှိကြောင်း၊နေအိမ်စွန့်ခွာ ထွက်ပြေးသွားသူများမှာ ရသေ့တောင်မြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံရောက်ရှိနေကြောင်းနှင့် ရွာတွင် သက်ကြီးရွယ်အို ၁ဝ ဦးခန့်လောက်သာ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ