ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

AA က ဖမ်းဆီးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.3k

စိုးဇံအောင်
စစ်တွေ၊ နိုဝင်ဘာ ၇ / ၂ဝ၁၉

ဖမ်းဆီးထားခဲ့သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို ရက္ခိုင့်တပ်တော် (AA) က ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးအား နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးများထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“မနေ့က နေ့လယ် ၂ နာရီလောက်မှာ နေပြီးတော့ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ယောက်ကို လက္ကာရွာနားမှာ လွှတ်ပေးလိုက်တာပေါ့နော်။ သူတို့ကိုနေပြီးတော့ ကျွန်တော်တို့က အရင်က စစ်ဆေးစရာနည်းနည်း ရှိလို့ ထိန်းသိမ်းထားခဲ့တာ။ ခုတော့ သူတို့ကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြီးတော့ လွှတ်ပေးလိုက်တာ“ဟု ခိုင်သုခက နိရဥ္စရာသို့ ပြောသည်။

AA က လွှတ်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးမှာ ကိုစိုးပိုင်(၂ဝ)နှစ်၊ ကိုသော်ဇင်ဝင်း(၁၈)နှစ်၊ နန္ဒကျော်(၂၃) နှစ်၊ ဟိန်းလင်း(၂ဝ)နှစ်၊ ထက်လင်းထွန်း(၁၉)နှစ်၊ အောင်မျိုးနိုင်(၂၅)နှစ်၊ အောင်စိုးဝင်း(၂ဝ)နှစ်၊ မောင်ကျန်ဝင်း(၂ဝ)နှစ်၊ ကုဋေလင်း(၂ဝ)နှစ်၊ စိုးမင်းသူ(၁၉)နှစ်၊ ဇော်မင်းထွန်း(၂ဝ)နှစ်၊ ဇေယျာအောင်(၂၃)နှစ်၊ ဇော်နိုင်ဦး(၁၈)နှစ်၊ ကျော်ရဲလင်း(၂၄)နှစ်၊ ကျော်လှိုင်(၂ဝ)နှစ်၊ နိုင်လင်းထွန်း(၁၈)နှစ်၊ ဝင်းမိုးထိုက်(၁၉)နှစ်နှင့် ထွန်းကျော်မြတ်(၂၂) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များကို လွှတ်ပေးလိုက်သည်ဆိုသည့် သတင်းနှင့်ပတ်သတ်ပြီး အတည်ပြုချက်ရယူနိုင်ရန် ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းအား ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ဖုန်းပိတ်ထားသည့်အတွက် ဆက်သွယ်မှုမရရှိခဲ့ပေ။

ယခုလွတ်မြောက်လာသူများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆင်း၍ ရွှေပြည်သစ်ခရီးသည်တင်ကားဖြင့် ပြန်လာစဉ် မြောက်ဦးမြို့နယ်အရောက်တွင် ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသူတို့ဖြစ်သည်။

လက်ရှိတွင် AA က ဖမ်းဆီးခဲ့သည့်အရပ်သားများတွင် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတစ်ဦးသာ မလွတ်မြောက်ဘဲ ကျန်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်မီးသတ်

-----------------------------

Unicode Version










ဆက်စပ် သတင်းများ