သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဒေါက်တာအေးမောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် NLD အစိုးရကို ဂျပန်ရောက်ရခိုင်လူမျိုးများတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.3k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၁ဝ / ၂ဝ၁၉

ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေသည့်အတွက် ဖမ်းဆီး ထောင်ချထားသည့် ရခိုင်လူထု ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သေm အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရကို ဂျပန်ရောက် ရခိုင်လူမျိုးတို့က တောင်းဆို လိုက်သည်။

ဖမ်းဆီးထိန်းသိမ်းထားသည့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က နိုဝင်ဘာလ ၉ ရက်နေ့ က ကြေညာချက်ထုတ်ပြန်ပြီးနောက် ၎င်းနေ့တွင်ပင် ဂျပန်ရောက်ရခိုင်လူမျိုးများက ဒေါက်တာအေးမောင်ကို အမြန်ဆုံးပြန် လွှတ်ပေးရန် ထုတ်ပြန်ချက်တစ်စောင်ဖြင့် ပြန်လည်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဒေါက်တာအေးမောင်က ဖမ်းဆီးခံထားရတာက မတရားဖမ်းဆီးခံထားရတာ။ဒေါက်တာအေးမောင်ဟာ ရခိုင့် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့အတွက်လုပ်တဲ့ အခမ်းအနားမှာနေပြီးတော့ ရခိုင်တွေဟာ ဘယ်လို ကြိုးစားသင့်တယ်။ရခိုင်တွေ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ဖို့အတွက်၊ ရခိုင်တွေတိုးတက်ရေးအတွက် ကြိုးစားသင့် တယ်ဆိုတဲ့ဟာကို ဟောပြောတာကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မနဲ့ ဖမ်းဆီးပြီး ထောင် နှစ် ၂ဝ ချ ထားတာဟာ လုံးဝ တရားမျှတမှုမရှိဘူး။ဒါကြောင့် ကျွန်တော်တို့က အခုလို ထုတ်ပြန်တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟု ရက္ခိုင် လူငယ်များအစည်းအရုံး- ဂျပန်(Arakan Youths Union-Japan)၏ ဥက္ကဋ္ဌ ကိုကျော်သန်းလှိုင်က နိရဥ္စရာသို့ ပြောသည်။

ဒေါက်တာအေးမောင် သည် အမ်းမြို့နယ် ပြည်သူလူထုမှ မဲပေးရွေးချယ်ထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့်အပြင် ရခိုင်တစ်မျိုးသားလုံးက ထောက်ခံသည့် လူထုခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်အား NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဖမ်းဆီးအရေး ယူခဲ့ခြင်းဖြစ်၍ ဤလုပ်ရပ်ကို  မိမိတို့ ရက္ခိုင်လူငယ်များ အစည်းအရုံး (ဂျပန်)မှ မိုက်မဲ ယုတ်ညံ့သော လုပ်ရပ် အဖြစ် သတ်မှတ်ကြောင်း၊  ထိုလုပ်ရပ်သည် အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်စေသည့်အပြင် ပြည်ထောင်စု ပြိုကွဲသွားနိုင်သဖြင့်  ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း နိုဝင်ဘာလ ၉ ရက်နေ့က ရက္ခိုင်လူငယ်များအစည်းအရုံး (ဂျပန်) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒေါက်တာအေးမောင်ဆိုတာ ရခိုင်လူထုက ယုံကြည်ရတဲ့ လူထုခေါင်းဆောင်တစ်ဦးပါ။ပြီးရင် အခုဖြစ်နေတဲ့ စစ်ပွဲ မှာလည်း သူသာ လွတ်လာခဲ့မယ်ဆိုရင် ဒီစစ်ပွဲ ငြိမ်းချမ်းရေးရအောင်အတွက်လည်း ညှိနှိုင်းပေးလို့ရတယ် လို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်။ဒေါက်တာအေးမောင်ကို ဖမ်းဆီးထားခြင်းအားဖြင့် တိုင်းရင်းသားတွေက NLD အစိုးရကို ယုံကြည်မှုလုံးဝပျက်ပြားသွားတယ်။ ပြီးရင် ဒေါက်တာအေးမောင်ဆိုတဲ့ ပုဂ္ဂိုလ်က အရင်ကတည်းက အမျိုးသားရင်ကြားစေ့ရေးအတွက် NLD ပါတီခေါင်းဆောင်တွေကို လွှတ်တော်ထဲကို ရောက်အောင်ကို ဆွဲခေါ်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ အဲဒီလို ပုဂ္ဂိုလ်ကို ဖမ်းဆီးထားတာဟာ တိုင်းပြည်အတွက် အများကြီးနစ်နာပါတယ်”ဟု ရက္ခိုင့် လူငယ်များအစည်းအရုံး-ဂျပန်၏ အတွင်းရေးမှူးကို ကိုဝင်းနိုင်ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးသည် ရသေ့တောင်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင့်အချုပ်အခြာ အာဏာ ကျဆုံးနေ့ အခမ်းအနား စာပေဟောပြောပွဲတွင် ဟောပြောမှု ကြောင့် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု၊နိုင်ငံတော် အကြည်ညိုပျက်စေမှု၊မတရားအသင်းဆက်သွယ်မှု ပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသူနှစ်ဦးဖြစ်သည်။

ဒေါက်တာအေးမောင်သည် ၂ဝ၁၈ ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်တွေမြို့၊အိုးတန်းရပ်ကွက်ရှိ သူ၏ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရပြီး စာရေးဆရာ ဝေဟင်အောင်မှာလည်း ယင်းမတိုင်မီ ဇန်နဝါရီ ၁၆ ရက်နေ့က သူ၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၂ဝ၁၈ ခုနှစ် စက်တာဘာလ ၁ဝ ရက်နေ့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ကို ရုပ်သိမ်းခဲ့သော် လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ပုန်ကန်မှုတို့ဖြင့် တရားစွဲဆိုရန် စစ်တွေခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့ သည်။
၄င်းတို့နှစ်ဦးကို ၂ဝ၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်  စစ်တွေခရိုင်တရားရုံးမှ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ(၁၂၂) ဖြင့် ထောင်ဒဏ်နှစ် ၂ဝ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ(၅ဝ၅) ဖြင့် ထောင်ဒဏ် ၂ နှစ်၊စုစုပေါင်းတစ် ပေါင်းတည်း ထောင်ဒဏ် နှစ် (၂ဝ)တိတိ ချမှတ်ခဲ့သည်။

လက်ရှိတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးအား ရန်ကုန်မြို့၊အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

----------------------

Unicode:


နိရဉ်စရာ၊နိုဝငျဘာ ၁ဝ / ၂ဝ၁၉










ဆက်စပ် သတင်းများ