သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

လက်နက်ကြီးပေါက်ကွဲ၍ဒဏ်ရာရသွားသည့် အပေါက်ဝရွာမှ ငါးတန်းကျောင်းသား၏ ခြေထောက်အား ခွဲစိပ်ကုသရန် ငွေကြေးအခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၁၉ / ၂ဝ၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသည့် ငါးတန်းကျောင်းသား၏ ခြေထောက်ဒဏ်ရာအား ခွဲစိပ်ကုသရန် ငွေကြေး အခက်အခဲ ဖြစ်နေသည်ဟု မိသားစုဝင်များက ပြောသည်။

"အပေါက်ဝက ဆရာဝန်က စစ်တွေမှာ တစ်ခေါက်သွားပြပါ။ အရိုးအကြောပါရဂူဆီမှာ ဓာတ်မှန်တွေဘာတွေရိုက်ပြီး သွားပြဖို့ခိုင်းလိုက်တော့ ကျနော်တို့လည်း မနေ့က စစ်တွေလာပြီး ဓာတ်မှန်ရိုက်ပါတယ်။ ဆရာဝန်က ဒီကလေးရဲ့ ဒဏ်ရာကို ခွဲစိပ်ကုသဖို့အတွက် ပိုက်ဆံ ၁ဝ သိန်းလောက်လိုမယ်လို့ပြောတယ်။ ၁ဝ သိန်းထက်မပိုဘူးတဲ့။ ဒါပေမယ့် သူတို့မိသားစုမှာက ကျပန်းလုပ်ကိုင်းစားသောက်တော့ တစ်ပြားတစ်ချပ်မှမရှိဘူးလေ။ ငွေရေးကြေးရေး အခက်အခဲဖြစ်နေရပါတယ်"ဟု မိသားစုဝင်တစ်ဦးဖြစ်သူ ဦးမောင်သာထွန်းက နိရဥ္စရာသို့ ပြောသည်။

ဒဏ်ရာရသွားသည့်ကလေးငယ်မှာ အပေါက်ဝကျေးရွာမှ ဦးမောင်သန်းလှ၏သား မောင်အောင်နိုင်ချေ (၁၁ နှစ်) ဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာလ ၂၃ ရက်နေ့နံနက် ၆ နာရီ ၅ မိနစ်ခန့်က အိမ်ခြံဝင်းအတွင်း လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အဖိုးဖြစ်သူ ဦးကျော်စိန် (၇ဝ နှစ်ခန့်)နှင့်အတူ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် မောင်အောင်နိုင်ချေတွင် ဦးခေါင်း၊ လည်ရိုး၊ ညာဘက်လက်မောင်း၊ ခါးဆစ်နှင့် ခြေထောက်နှစ်ဘက်လုံးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သူ၏အဖိုးဖြစ်သူတွင်လည်း ဦးခေါင်းနှင့် ပေါင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

"အဖိုးဖြစ်သူကတော့ ဒဏ်ရာတွေကို ဆေးထည့်နေရတယ်။ သက်သာနေပါပြီ။ အခု အဲဒီကလေးလေးမှာလည်း ပြင်ပဒဏ်ရာတွေသက်သာနေပြီဆိုပေမယ့် ဘယ်ဘက်ခြေထောက်တစ်ဘက်က သွားလို့ မရဘူးဖြစ်နေတယ်။ လမ်းလျှောက်ရင် ခြေဖျားလေးက မြေနဲ့ ထိနေတယ်။ မြှင့်လို့ မရဘူး။ ဒါကြောင့် ပိုက်ဆံ ၁ဝ သိန်းဆိုတာ သူတို့မိသားစုအတွက် အင်မတန်အရေးကြီးနေပါတယ်။"ဟု ရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပြိုပျက်သွားသည့် သူတို့၏နေအိမ်အား အပေါက်ဝရွာမှ စေတနာအလျောက် ကောက်ခံရရှိသည့်ငွေများဖြင့် ပြန်လည်ပြုပြင်လိုက်ရသည့်အတွက်လည်း သူတို့၏လက်ထဲတွင် ငွေကြေးတစ်ပြားတစ်ချပ်မှ မကျန်တော့ဟု ဆိုသည်။

လက်နက်ကြီးကျရောက်ခဲ့သည့်နေအိမ်ပိုင်ရှင် ဦးမောင်သန်းလှသည် ကျပန်းလုပ်ကိုင်သူဖြစ်ပြီး ဇနီးဖြစ်သူမှာ မုန့်ရောင်းချ၍ မိသားစုကိုရှာဖွေကျွေးမွေးနေရသည့် ဆင်းရဲနွမ်းပါးသည့်မိသားစုဖြစ်သည်ဟုလည်း သိရသည်။

------------------------

Unicode:









ဆက်စပ် သတင်းများ