ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဖမ်းဆီးခံရသူများထဲမှ တစ်ဦး ဆေးရုံပို့ဆောင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 993

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၁/၂ဝ၁၉

အကြမ်းဖက် ဥပဒေဖြင့် တရားစွဲဆိုခံထားရသူအထဲမှ တစ်ချို့တွင် ရိုက်နှက် စစ်ဆေးခံထားရသည့်အတွက် ဒဏ်ရာများတွေ့ရသည်ဟု မိသားစုဝင်များက ပြောကြားပြီး ယင်းအထဲမှ တစ်ဦးကို ကျောက်တော်ဆေးရုံထိ ပို့ဆောင်ကုသခဲ့ရသည်အထိ ပြင်းထန်ခဲ့သည်ဟု သတင်းရရှိသည်။

ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သူမှာ မြေပုံမြို့နယ်မှ မောင်လရောင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များက ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်ဟု ကျောက်တော်ဒေသခံ လူမှုရေး လူပ်ရှားဆောင်ရွက်နေသူ ကိုဇော်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“မနေ့က ရဲတွေ လူတစ်ယောက်ကိုထမ်းပြီး ဆေးရုံကို သွားပို့တာမြင်လို့ နောက်ကလိုက်ကြည့်တာ။ရဲတွေက လက်ထိပ်ခတ်ပြီး ထမ်းသွားတာ။ ဆေးရုံထဲမှာ သူ့ကို ဆေးကုနေတယ်။ ခြေထောက် နှစ်ဘက်စလုံး၊ခန္ဓာကိုယ်နဲ့ မျက်နှာတွေမှာ ရောင်ရမ်းနေပြီးတော့ မျက်လုံးတွေဆို ကန်းလုလုဖြစ်နေပြီ။ နှာခေါင်းတွေက ပဲ့ထွက်လို့။ သူဟာ မြေပုံမြို့နယ်က မောင်လရောင်လို့ သိရတယ်” ဟု ကိုဇော်ဝင်းက ပြောသည်။

မြေပုံမြို့၊ ကန်သာထွက်ဝရပ်ကွက်မှ မောင်လရောင်သည် နိုဝင်ဘာ ၁၃ ရက်နေ့က သရက်တစ်ပင် တံတားအနီးတွင် တပ်မတော် စစ်ကြောင်း တစ်ခု မိုင်းခွဲ တိုက်ခိုက်ခံရပြီး နောက်တစ်နေ့တွင် သရက်တပင်ကျေးရွာမှ ဦးမောင်ကုလား (၄၆)နှစ် (ဘ) ဦးအောင်ညွန့်မောင်နှင့် ကိုနေမျိုးထွန်း (၃၄) နှစ်၊ စပါးဆိပ်ကျေးရွာမှ မောင်ကြည်လင်း(၁၇)နှစ် (ဘ)ဦးမောင်သန်းမိုး၊ ရွာမပြင်ကျေး ရွာမှ ကိုညီညီစိုး(၃၂)နှစ် (ဘ)ဦးဘဝင်းတို့နှင့်အတူ အဖမ်းခံခဲ့ရသည်။

၎င်းမိုင်းပေါက်ကွဲရာတွင် ၃၇၄ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးရန်နောင်ဝင်းအပါအဝင်  တပ်မတော်သား တချို့ကျဆုံး ခဲ့သည်။

ဖမ်းဆီးခံရသည့် အထဲတွင် ပါဝင်သည် ဘော်ဒါဆောင်ကို ထမင်းပို့သူ မောင်ကြည်လင်း(၁၇) နှစ်၏ ဖခင် ဦးမောင်သန်းမိုးကလည်း သူသားနှင့် နိုဝင်ဘာ ၂ဝ ရက်နေ့က သွားတွေ့စဉ် ရိုက်နှက် ညှဉ်းပမ်းမှုများကို တွေ့ရှိရသည်ဟု ဆိုသည်။

“သူတို့ကို ရုံးချိန်းအတွက် ချုပ်ရက်ရမန်ယူတဲ့အခါ လက်ဖျံတွေမှာ ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်။ဒဏ်ရာက တော့ နောက်ကုန်းမှာ ဝါးလုံးပိုင်းထိုးထားတာတွေ ရှိတယ်လို့ပြောပါတယ်။လက်ဖျံကတော့ တော်တော်နာနေ ပုံရပါတယ်။ တပ်မထဲမှာ စစ်ဆေးတဲ့အခါ ရိုက်နှက်ခံထားရတာ”ဟု မောင်ကြည်လင်း၏ ဖခင်ဖြစ်သူ ဦးမောင်သန်းမိုးက နိရဥ္စရာသို့ ပြောသည်။

ရွာမပြင်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကိုညီညီစိုးမှာ ရိုက်နှက် စစ်ဆေးခံရမှု မရှိကြောင်း၊ သူ့အား ဖမ်ဆီးစဉ် ဆိုင်ကယ်ပေါ်မှ ဆေးပြား သုံးပြားရသည်ဟုဆိုကာ ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း အဒေါ် ဖြစ်သူက ပြောသည်။

“ ကျွန်မတို့ မိသားစုတွေ မနေ့က ကျောက်တော်ရဲစခန်းမှာ ညီညီစိုးနဲ့ သွားတွေ့ပါတယ်။ သူပြောတာက သူရိုက်နှက်တာ မခံရဘူးလို့ ပြောပါတယ်။ သူ့ကို ယာဘားဆေးပြား သုံးပြားနဲ့ အမှုဖွင့် ဖမ်းဆီးထားတာ ဖြစ်ပါတယ်” ဟု ညီညီစိုးအဒေါ်ဖြစ်သူက ပြောကြားသည်။

၄င်းတို့ကို လာမည့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရုံးချိန်းရမန်ပေးခဲ့ကြောင်း ရဲစခန်းကို သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များက ပြောကြားသည်။ 

ဖမ်းဆီးခဲ့သည့် လူ ၅ ဦးကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တပ်မတော်က  ကျောက်တော်ရဲစခန်းကို လွှဲပြောင်းခဲ့ပြီး သရက်တပင်ကျေးရွာသား ကိုနေမျိုးထွန်း(၃၄)နှစ် မှာ ပြန်လွတ်မြောက်ခဲ့ကြောင်း၊ ကျန် ၄ဦးအထဲမှ  ၃ ဦးကို အကြမ်းဖက်မှု၊ နောက်တစ်ဦးကို မူးယစ်မှုဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက” ဘယ်လို ဘယ်လို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေလဲ။ကျွန်တော်တော့ အဲဒါ မကြားမိသေးဘူးဗျ။ဘယ်လို ဒဏ်ရာမျိုးတွေလဲ။ ကျွန်တော်တို့လည်း မြင်ရတာ မဟုတ်ဘူးလေဗျာ”ဟု နိရဥ္စရာသို့ ပြောသည်။

ဆက်လက်ပြီး ကျောက်တော်မြို့မရဲစခန်းမှူးကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။

----------------------------------

Unicode:


နိရဉ်စရာ၊နိုဝငျဘာ ၂၁/၂ဝ၁၉














ဆက်စပ် သတင်းများ