ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အမြှောက်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောက်တော်မြို့နယ်မှ ရွာသားနှစ်ဦး စစ်တွေဆေးရုံရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 660

စိုးဇံအောင်

နိရဥ္စရာ၊နိုဝင်ဘာ ၂၂ / ၂ဝ၁၉

ယနေ့နံနက်က တိုက်ပွဲအတွင်း အမြှောက်ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်  ကျောက်တော် မြို့နယ်၊ကသစ်တော ရွာသားနှစ်ဦးမှာ ယနေ့ နေ့လယ်က စစ်တွေဆေးရုံသို့ အရေးပေါ် လူနာတင်ကားဖြင့် ရောက်ရှိခဲ့သည်။

ဒဏ်ရာပြင်းထန်ရရှိခဲ့သူနှစ်ဦးမှာ ကျောက်တော်မြို့နယ် ကသစ်ဝကျေးရွာမှ ဦးထွန်းလှဖြူ(၆၃)နှစ်နှင့် တစ်ရွာတည်းနေသူ မောင်စိုးစိုးလင်း(၁၉)နှစ်တို့ ဖြစ်သည်။

ယနေ့နံနက် ၇ နာရီခန့်က ကျောက်တော်မြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်းတစ်လျှောက်တွင် မြန်မာ့ တပ်မတော်ရေတပ်စစ်ရေယာဉ်များနှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်စဉ် တပ်မတော်နေဗီမှပစ်ခတ်လိုက်သည့် အမြှောက်ကျည်မှာ စိုက်ခင်းမှ ပြန်တက်လာသည့် ကသစ်တောရွာသား ဦးထွန်းလှဖြူကို ထိမှန်ပြီး ဘယ်ဘက်ခြေသလုံးအရိုးမှာ ပြတ်လုမတတ်ဖြစ် သွားသည်ဟု ၄င်း၏ ညီဖြစ်သူ ဦးကျော်စိန်လှက နိရဥ္စရာသို့ ပြောသည်။

“ဒီနေ့ ၇ နာရီ ၁၅ မိနစ်လောက်က ရွာထဲကို လက်နက်ကြီးတွေ၊လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ပစ်တဲ့အချိန်မှာ ကျွန်တော့်အစ်ကိုက စိုက်ခင်းကနေ ထွက်ပြေးလာတယ်။ထွက်ပြေးပြီးတော့ ရွာထဲကို ပြန်လာတဲ့ အချိန်မှာ ပေတစ်ရာလောက်ပဲ ဝေးတဲ့နေရာမှာ ခြေထောက်ကို ကျည်စင်ပြီးတော့၊ တစ်စစီဖြစ်သွားတယ်”ဟု ဦးကျော်စိန်လှက ပြောသည်။

ဦးထွန်းလှဖြူ၏ ခြေသလုံးဒဏ်ရာကို ဓါတ်မှန်ရိုက်ရာ ဖြတ်ပစ်ရမည့် အနေအထားရှိကြောင်း၊ လက်ရှိတွင် စစ်တွေဆေးရုံကြီး၊အမျိုးသားအရိုးကုသဆောင်(C)တွင် ဆေးကုသမှုခံယူရန် စောင့်ဆိုင်းလျက် ရှိကြောင်း ၄င်းကဆက်ပြောသည်။

ဦးထွန်းလှဖြူ၏ သားဖြစ်သူ ဦးထွန်းနိုင်ကလည်း “မှန်မှန်ကန်ကန် လုပ်ကိုင်စားသောက်နေတဲ့သူတွေကို နစ်နာစေတယ်။ သူတို့လုပ်တာ၊ နေဗီနဲ့ပစ်တာ၊မြစ်ထဲက နေဗီက ပစ်တာ။ တစ်နာရီနီးပါးပစ်တယ်။ ကျွန်တော့်အဖေက ရိုးရိုးသားသား လုပ်စားနေတာပါ။ရွာကို နေပြီးတော့ လက်နက်ကြီးကျလာတာ။ တာဝန်ရှိသူတွေကို ပြောချင် တာကတော့ နောက်ထပ်အဲလို မဖြစ်စေချင်ဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

အလားတူ ရွာထဲကို လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့်အတွက် တစ်ရွာထဲနေသူ မောင်စိုးစိုးလင်း (၁၉) နှစ်တွင်လည်း တံတောင်ဆစ်နှင့် ဒူးအနီးတွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ ဦးလှထွန်းဖြူနှင့် အတူ ယူဆောင် လာခဲ့ရသည်။

ကသစ်တောကျေးရွာသည် အိမ်ခြေ ၄ဝဝ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး ကုလားတန်မြစ် အနောက်ဘက် ခြမ်းတွင် တည်ရှိသည်ဟု သိရသည်။

လက်နက်ကြီး ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး က မြစ်အတွင်းမှာ တပ်မတော်ရေယာဉ်များကို AA က ပစ်ခတ်သည့်အတွက်  ပြန်လည်ပစ်ခတ်ရ ခြင်းဖြစ်ကြောင်း နိရဥ္စရာသို့ ပြောသည်။

“ကုလားတန်မြစ်ကူးတံတား စီမံကိန်းလုပ်နေတဲ့  တံတားတည်ဆောက်ရေး အတွက် သွားပို့တဲ့ ရွှေပြည်တန်၊ လိုင်ဆီယံ၊တော်ဝင်မင်းသမီး အဲဒီဇက်သုံးစီးနဲ့ ဘိလပ်မြေအိတ်တွေ၊သံဘောင်တွေ၊တံတားတည်ဆောက်ရေး စီမံကိန်းအတွက် လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေကို သွားပို့တဲ့ ဇက်ရေယာဉ်သုံးစီးကို ရေတပ်က ကမ်းထိုးယာဉ် သုံးစီးနဲ့ အစောင့်အရှောက်လုံခြုံရေးလိုက်ပေးတာ။အဲဒါကို ပီကောက်ဝနားမှာ အေအေက အာရ်ပီဂျီနဲ့ ပစ်တယ်။ ပစ်တော့ ရွှေပြည်တန်မှာ မှန်တယ်။ရွှေပြည်တန်မှာ မှန်တော့ ဒီကလည်း ပြန်ပစ်တာ”ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုကို ဆက်သွယ်မေးမြန်းရာ တပ်မတော်ရေယာဉ်တန်းကို AA က ပစ်ခတ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု ပြောသည်။

---------------------------

Unicode:


နိရဉ်စရာ၊နိုဝငျဘာ ၂၂ / ၂ဝ၁၉














ဆက်စပ် သတင်းများ