စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် ဗွီးဟူးရွာသစ်တွင် ၅ ရက်အတွင်း ဒုတိယအကြိမ် လက်နက်ကြီးကျည်ကျ၍ ရွာသားတစ်ဦး ထပ်မံသေပြီး ၃ ဦးဒဏ်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.8k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၉/၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဗွီဟူးကျေးရွာတွင်းသို့ ယနေ့ ညနေပိုင်းက လက်နက်ကြီးကျည် ပေါက်ကွဲပြီး အသက် ၅ဝ ကျော် အရွယ် ရွာသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ၃ဦးမှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း ရွာသားများက ပြောသည်။

သေဆုံးသွားသူမှာ ဗွီဟူးကျေးရွာမှ အသက် ၅ဝ ကျော်အရွယ် ဦးချစ်ထွန်း (ရခိုင်လူမျိုး) ဖြစ်ပြီး ဒဏ်ရာရ ရှိသွားသူများမှာ ဦးလှမောင်ချေ၊ ဦးကျော်မြနှင့် ဦးရဲထွန်းအောင်တို့ဖြစ်ကြောင်း ရွာသား တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်း ၅ နာရီခွဲခန့်က သေဆုံးသွားသူနှင့် ဒဏ်ရာရရှိသွားသူများမှာ ကျေးရွာ အတွင်း စုပြီးထိုင်နေစဉ် ဂျက်တိုက်လေယာဉ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အနီးသို့ ကျရောက်ပေါက်ကွဲပြီး ထိုသို့ သေဆုံးဒဏ်ရာရရှိသွား ခြင်းဖြစ်ကြောင်း ဗွီဟူးကျေးရွာသား တစ်ဦးက နိရဥ္စရာသို့ပြောသည်။

ဗွီဟူးကျေးရွာသားတစ်ဦးက“ရွာမှာ နှစ်ယောက်သုံးယောက်စုပြီးထိုင်နေတဲ့အချိန်မှာ ဂျက်တိုက် လေယာဉ်က ပစ်တဲ့ကျည် ကျတာပါ။ တစ်ယောက် သေတယ်။ သုံးယောက် ဒဏ်ရာရတယ်။ အခုသေတဲ့လူကို သင်္ဂြိုလ်ဖို့လုပ်နေတာပါ။ ကျင်းတူးနေတာ ညအမှောင်မှာ မီးထွန်းပြီး မတူးရဲလို့ ဒီမှာ သင်္ဂြိုလ်ဖို့ ကြန့်ကြာနေပါတယ်။ လေယာဉ်က ပစ်ဖို့ကြောက်လို့ပါ။ သေတာတောင် သင်္ဂြိုလ်ဖို့ ခက်ခဲဖြစ်နေပါတယ်” ဟု ပြောသည်။

ဒဏ်ရာရရှိသူများအထဲတွင် ဦးလှမောင်ချေတွင် ဘယ်ဘက်ခြေဖဝါးနှင့် ဘယ်ဘက်မျက်ခုံး အလယ်တည့်တည့်ကို ထိမှန် သွားကြောင်း၊ ဦးကျော်မြတွင် ဘယ်ဘက်ပေါင်ရင်း ပေါက်ထွက် သွားကြောင်း၊ ဦးရဲထွန်းအောင်တွင် ဘယ်ဘက်ခြေသလုံး ပွင့်ထွက်သွားပြီး ဦးခေါင်း အလယ်တည့်တည့်တွင် ကျည်စ ထိမှန်သွားသည့် အတွက် ၄င်းတို့ထဲတွင် ဒဏ်ရာပြင်းထန်သည့် သူလည်း ရှိနေကြောင်း ကျေးရွာသားများက ပြောသည်။

ဂျက်တိုက်လေယာဉ်ဖြင့် ယနေ့တစ်နေကုန် ပစ်ခတ်ခဲ့ပြီး ညနေပိုင်း ပစ်ခတ်မှုတွင် အိမ်နှစ်ဆောင် မီးလောင်းသွားပြီး နှစ်ဆောင်မှာ ပြိုပျက်ပြီး မှန်ပြတင်းများကွဲထွက်သွားကြောင်း အိမ်ပိုင်ရှင်များကပြောသည်။

“အိမ်မီးလောင်သွားတာက ဦးကျော်မြအိမ်တစ်အိမ်နဲ့ ဦးမောင်ထွန်းအေးနေအိမ်တစ်အိမ်ပါ။ အားလုံးပြာကျသွားတယ်။ နောက်ထပ် ဦးကျော်နိုင်ဦးအိမ်တစ်ဆောင်နဲ့ ဦးမောင်သန်းနိုင်နေအိမ် ၂ လုံးလည်း ပျက်စီးသွားတယ်။ မှန်တွေကွဲထွက်ပြီး အားလုံးပြိုထွက်သွားပါတယ်” ဟု ယနေ့ ညနေပိုင်းက ဆက်သွယ်မေးမြန်းစဉ် ပြိုပျက်သွားသည့် အိမ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကျော်နိုင်ဦးက ပြောသည်။

ယနေ့တွင် ဂျက်တိုက်လေယာဉ် ၄ စီး၊ ရဟတ်ယာဉ် ၄ စီးဖြင့် ဗွီဟူးရွာ အနီးရှိ တောင်တန်းများကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မီးရွာမှ အမျိုးသမီး တစ်ဦးက “ အရမ်းကြောက်စရာကောင်းပါတယ်။ စက်သေနတ်တွေနဲ့ရော လေယာဉ်ပေါ်က ဗုံးတွေပါ ချပါတယ်။ ဂျက်လေယာဉ် ၄ စီး၊ ရဟတ်ယာဉ် လေးစီးပါပါတယ်။ ဗွီးဟူးရွာမှာ အိမ် ၂လုံးမီးလောင်သွားပြီး တစ်ဦးသေပြီး သုံးဦးဒဏ်ရာ ရသွားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး တပ်မတော် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးသို့ ဆက်သွယ်၍ မရရှိသေးသဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ဗွီဟူးရွာသစ်ကျေးရွာတွင် အိမ်ခြေ ၃ဝ ခန့်သာ ရှိပြီး ပလက်ဝမြို့နယ်တွင် တည်ရှိကာ မတ် ၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ ရွာထဲ ထိမှန်ကာ  ကိုမောင်လုံးခိုင်(၃၅) နှစ်မှာ ပွဲချင်းပြီး သေဆုံးသွားပြီး သူ့၏မိခင်ဖြစ်သူ ဒေါ်ယောင်မဦးအား ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

----------------------------------

Unicode:














ဆက်စပ် သတင်းများ