အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ပွီဟုန်းကျေးရွာတွင် ပျောက်ဆုံးနေသူ ရွာသားအလောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၁/၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပွီးဟုန်းကျေးရွာသစ်တွင် ကျည်ထိပြီး မီးလောင်နေသည့် ရွာသားတစ်ဦး၏ အလောင်း တစ်လောင်းကို ယမန်နေ့ နံနက်က ရှာဖွေ တွေ့ရှိခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

၎င်းရွာသားမှာ ဦးရဲထွန်း(၄၂)နှစ်ဖြစ်ပြီး မတ်လ ၉ ရက်နေ့  ပွီဟုန်း ကျေးရွာထဲသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲသည့် အချိန်မှ စ၍ ပျောက်ဆုံးနေသူ ဖြစ်သည်ဟု ဆိုသည်။

“လူတစ်ယောက်ပျောက်နေတယ်။ ရှာလို့လည်းမရ။ မတွေ့ဘူး။ ပျောက်တဲ့နေ့က  မိုးချုပ်သွားလို့ ကျနော်တို့ ရှာဖို့လည်း အဆင်မပြေဖြစ်သွားတယ်။ မနေ့က မနက် လိုက်ရှာတဲ့အချိန်မှာ တစ်ကိုယ်လုံး မီးလောင်ပီး ခန္ဓာကိုယ်က တူးနေပြီ။ အူတွေလည်း ဗိုက်ထဲကနေ ထွက်ပီး တွေ့တယ်။ လက်နက်ကြီးလည်း ထိသွားပုံရတယ်” ဟု ပွီဟုန်းဟူးကျေးရွာသားတစ်ဦးက ပြောသည်။

ဦးရဲထွန်းမှာ ပွီဟုန်းရွာတွင် နေထိုင်သူ ဖြစ်ကြောင်း၊  ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မဲချေမှာ စစ်ရှောင် ဘဝဖြင့် ပလက်ဝမြို့နယ် ရေချမ်းဝကျေးရွာသို့  ထွက်ပြေး ရောက်ရှိနေကြောင်း ၎င်းက ပြောသည်။

ပွီဟုန်းကျေးရွာထဲသို့ မတ်လ ၉ ရက် ညနေပိုင်းက ဂျက်တိုက်လေယာဉ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည် ရွာထဲမှာ ကျရောက်ခဲ့သဖြင့် ရွာသားတစ်ဦးဖြစ်သူ  အသက် ၅ဝ ကျော်အရွယ် ဦးချစ်ထွန်းလည်း ပွဲချင်းပြီးသေဆုံးပြီး ရွာသား ၃ဦးလည်း လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ယနေ့နံနက်တွင် ဦးရဲထွန်း အလောင်းကို ထပ်မံတွေ့ရှိသဖြင့် မနေ့က လက်နက်ကြီးကျည် ရွာထဲကို ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူနှစ်ဦး၊ ဒဏ်ရာရသူ ၃ ဦး၊ လူနေအိမ် ၂ လုံးမီးလောင်ကာ  အိမ်၂ လုံး ပျက်စီးသွားကြောင်းသိရသည်။

မတ် ၄ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း  ဂျက်တိုက်လေယာဉ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များ ရွာထဲ ထိမှန်ကာ  ကိုမောင်လုံးခိုင်(၃၅) နှစ်မှာ ပွဲချင်းပြီး သေဆုံးသွားပြီး သူ့၏ မိခင်ဖြစ်သူ ဒေါ်ယောင်မဦးအား ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

(ယခင်က ဗွီဟူးရွာဟု သတင်းတွင်ရေးသားခဲ့သော်လည်း အမှန်မှာ ပွီဟုန်းရွာဖြစ်ပါသဖြင့် ပွီဟုန်းရွာဟု ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

--------------------------------













ဆက်စပ် သတင်းများ