သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦး- ကျောက်တော် ကားလမ်းတစ်လျှောက် ပစ်ခတ်မှု ဖြစ်၍ အရပ်သား ၁၆ ဦး ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 669

ဆောင်းဇာခြည်၊သန့်မြတ်ခိုင်
နိရဥ္စရာ၊ မတ်၁၃/၂ဝ၂ဝ

ယနေ့ နံနက် ၆ နာရီခန့်က မြောက်ဦးဘက်မှ ကျောက်တော်ဘက်သို့ လာသည့် စစ်ကားတန်း တစ်ခု ဖြတ်သန်းစဉ် လက္ကာတံတားဘက်မှ မိုင်းပေါက်ကွဲသံများ ကြားရပြီးနောက် စစ်ကားတန်းမှ ကားလမ်းဘေး ဝဲယာ တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၄ ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၁၆ ဦး ဒဏ်ရာရရှိကြောင်း ကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ ရရှိထားသော စာရင်းအရ  ဒဏ်ရာရရှိသူများအထဲတွင် တိမ်ညို စစ်ဘေးရှောင်စခန်းမှ ကလေးငယ် ၄ ဦး အပါအဝင် ၁၂ ဦး၊ တောင်ဦးရွာမှ ၁ ဦးနှင့် သရက်တစ်ပင် သိန်းတန်ရွာမှ ၃ ဦးတို့ဖြစ်ကြသည်။  

တိမ်ညို စခန်းမှ ဒဏ်ရာရှိသူများမှာ မနှင်းမိုးနွယ် (၁၃)နှစ်၊ မောင်အောင်ငြိမ်းလင်း (၁ဝ)နှစ်၊ မခိုင်စုဝေ (၈)နှစ်၊ မအေးအေးသွယ် (၁၁)နှစ်၊ ဒေါ်လုံးယေ (၇ဝ) နှစ်၊ ဒေါ်မမြတင် (၅၅) နှစ်၊ ဒေါ်မဲလှချေ (၄၃)နှစ်၊ ဒေါ်မညိုဝင်း (၅၈)နှစ်၊ ဦးကျော်လှိုင် (၄၅)နှစ်၊ ဦးမောင်ညိုလှ (၅၂)နှစ်၊ ဒေါ်သန်းအေးကြည်( ၅၅)နှစ်၊ မစန္ဒာအေး (၂၂)နှစ်တို့ဖြစ်ကြသည်။

“ ဒီအထဲမှာ ဒဏ်ရာပြင်းထန်တဲ့ အတွက် မနှင်းမိုးနွယ်၊ ဒေါ်လုံးမယေနဲ့  ဒေါ်သန်းအေးကြည် တို့မှာ အရေးပေါ်ဆေးကုသဖို့ လိုအပ်နေပါတယ်။ ICRC ကို တော့ အကြောင်းကြားထားပါတယ်” ဟု တိမ်ညို အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိ ကျောက်တော်မြို့နယ် သရက်တစ်ပင် သိန်းတန်ကျေးရွာမှ ဒဏ်ရာရရှိသူ ၃ ဦးမှာ ဦးဝင်းဇော်ဦး(၄ဝ) နှစ် (ဘ) ဦးမောင်ကျော်သန်း၊ ဒေါ်နွယ်နွယ်ဦး (၃၉) နှစ် (ဘ) ဦးကျော်သိန်းလှနှင့် ဒေါ်အေးသိန်းနု (၆၄) နှစ်ဖြစ်ကြောင်း ကျေးရွာသား တစ်ဦးက ပြောသည်။

“ အခု သရက်တစ်ပင် ဆေးရုံကို ရောက်နေပါတယ်။ နွယ်နွယ်ဦးမှာ ဦးခေါင်းကို ထိမှန် ဒဏ်ရာရပါတယ်။ သူမရဲ့ အခြေအနေက စိုးရိမ်စရာ ရှိပါတယ်။ ဒေါ်အေးသိန်းနုက ခြေထောက် နှစ်ဖက်လုံးမှာ ထိပါတယ်။ လက်နက်ကြီးကျည်ကျတာပါ။ အိမ်ခေါင်းမိုးပေါ်ကို ကျပါတယ်။ စစ်ယာဉ်တန်းကနေ ပစ်တာပါ။ မနက် ၆ နာရီလောက်မှာ ပစ်တာပါ” ဟု ၎င်းက ပြောသည်။

မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာတွင် တစ်ဦး ဒဏ်ရာရရှိပြီး ဦးမောင်ဖြူယေ (၃၈) နှစ် (ဘ) ဦးအောင်ကျော်ထွန်း ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ ဘာကြောင့် စစ်တပ်က ပစ်တယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူး။ ကျွန်တော်တို့ တောင်ဦးရွာက တစ်ယောက် ဒဏ်ရာရတယ်။ တိမ်ညို စခန်းရှောင်စခန်းက ၁၂ ဦးလောက် ဒဏ်ရာရတယ်။ ကားလမ်းတစ်လျှောက်က ရွာတွေ ပစ်ခတ်ခံရတယ်။ ပစ်ခတ်တာကတော့ မနက် ၆ နာရီကနေ ၇ နာရီ ကြားလောက်မှာ ဖြစ်ပါတယ်။ အခုထက်ထိတော့ သေနတ်သံ အချို့ ကြားနေရပါတယ်” ဟု ယနေ့ နံနက် ၇ နာရီ မိနစ် ၂ဝ က ဆက်သွယ် စဉ် ဦးထွန်းသာစိန်က ပြောကြားသည်။

မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာသို့ ဆက်သွယ်ရာ လက္ကာတံတားတွင် စစ်ကားတန်း ဖြတ်သန်းသွားစဉ် မိုင်းပေါက်ကွဲပြီးနောက် စစ်ကားတန်းမှ ရွာများကို ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ အနီးအနားရှိ အပစ်ခံရသော ကျေးရွာများမှာ လက္ကာကျေးရွာ၊ ဗူးရွက်မညှိုး၊ ဘုရားကြီးဖြစ်ကြောင်း၊ ဘုရားကြီးတွင် ဒဏ်ရာရရှိသူမရှိကြောင်း၊ တစ်ခြားရွာများတွင် ဒဏ်ရာရသူ ရှိ မရှိကို သူမသိရှိကြောင်း ပြောကြားသည်။

ယနေ့ နံနက် ၇ နာရီ မိနစ် ၄ဝ ခန့်က တိမ်ညိုကျေးရွာသို့ ဖုန်းဖြင့် ဆက်သွယ်နေစဉ် ပစ်ခတ်သံများကို ဖုန်းထဲက ဆက်တိုက်ကြားခဲ့ရပြီး ရွာသားများ ဗုံးကျင်းများတွင် ပုန်းနေကြရသည်ဟု ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရသူများသို့ ဆက်သွယ်မေးမြန်း၍ မရရှိသေးသဖြင့် တင်ပြနိုင်ခြင်း မရှိသေးပါ။

-------------------------------

Unicode:



နိရဉ်စရာ၊ မတျ၁၃/၂ဝ၂ဝ












ဆက်စပ် သတင်းများ