သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တစ်ရွာလုံး မီးလောင်သွားခဲ့သည့် ပြိုင်းတိုင်းရွာတွင် သက်ကြီးရွယ်အိုများအပါဝင် ရွာသား ၅ ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၄/၂ဝ၂ဝ

အိမ်ခြေ ၂၄၅ ဆောင်စလုံး မီးလောင် ပြာကျသွားခဲ့သည့် ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်း ကျေးရွာတွင် လမ်းမလျှောက်နိုင်၍ ရွာတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အို ၃ ဦးအပါအဝင်  ရွာသား ၅ ဦး ရွာမီးလောင်ပြီးနောက်ပိုင်း ပျောက်ဆုံးနေကြောင်း ရွာသားများက ဆက်သွယ် ပြောကြားသည်။

၎င်းကျေးရွာသားများမှာ စိတ်ဝေဒနာရှင် ဒေါ်မလှစိန်(၈ဝ)နှစ်၊  ဦးထွန်းဘန်းအောင် (၇၅)နှစ်၊ ၄င်း၏ ဇနီးဖြစ်သူ အေးဝန်းကြည်(၇၃)နှစ်၊ သမီးဖြစ်သူ ဒေါ်မလှသန်း(၃ဝ)နှစ်နှင့် လေဖြတ် နေသည့် ဦးမောင်အေးစိန်(၆ဝ)နှစ်နှင့် ဖြစ်ကြသည်။

အမည်မဖော်လိုသူ ကျေးရွာလူကြီးတစ်ဦးက “ဦးလေးတို့ ပြေးလာတာ သုံးရက်ရှိပြီ။ အခု ကျောက်တော်မြို့ပေါ်က ကယ်ဆယ်ရေးစခန်းကို ပြေးလာကြတယ်။ မလှသန်းဆိုတဲ့ ကလေးမက လမ်းမလျှောက်နိုင်တဲ့ သူမိဘတွေနဲ့ ကျန်ခဲ့တယ်။ မနေ့က ညနေ ရွာမှာ မီးထပ်လောင်တော့ သားဖသုံးယောက် သေလားရှင်လား မသိဘူး။ ပြီးတော့ မနေ့က သာစည်ရွာမှာ ဦးလေးတို့ ရွာက စစ်ပြေးရှောင်ပြီး သေတဲ့ မိန်းကလေး မသိန်းစော ရဲ့ အဖွား စိတ်မနှံ့တော့တဲ့ ဒေါ်မလှစိန်နဲ့  လေဖြတ်နေတဲ့  ဦးမောင်အေးစိန် တို့လည်း ရွာမှာ ကျန်ခဲ့သေးတယ်” ဟု ၄င်း ပြောသည်။

 ပြိုင်းတိုင်းကျေးရွာတွင် အိမ်ခြေ ၂၄၅ ဆောင်ရှိပြီး မတ်လ ၁ဝ ရက် ၁၁ ရက်နေ့များမှ စ၍ တပ်မတော်ဂျက်တိုက်လေယာဉ်များပေါ်မှ ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ခဲ့ပြီး ဆန်စက်ရုံတစ်ရုံနှင့် စာသင်ကျောင်း တစ်ကျောင်းသာကျန်ခဲ့ကြောင်း၊ ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေက မီးထပ်လောင်သဖြင့် ဆန်စက်ရုံ တစ်ရုံနှင့် စာသင်ကျောင်း တစ်ကျောင်းမှာ ထပ်မံ မီးလောင်သွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

၄င်းကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက “အဒေါ်တို့ရွာကနေ ပြေးလာကြတော့ လမ်းမလျှောက်နိုင်တဲ့လူတွေ ကျန်ခဲ့တယ်။ ရွာကို ဂျက်လေယာဉ်တွေပေါ်က ပစ်လို့ တစ်ရွာလုံး ပြာကျသွားပြီ။ အဲဒီတုန်းက ဆန်စက်ရုံနှစ်ရုံမှာ  မီးမလောင်ဘဲ တစ်ရုံ ကျန်သေးတယ်။ စာသင်ကျောင်းအပျက်ထဲမှာ ကျန်ခဲ့တဲ့လူတွေရှိတယ်။ မနေ့က စစ်ကားတွေ ဝင်ပြီးပစ်တာ ကျန်ခဲ့တဲ့ဟာတွေ အကုန်လုံးမီးလောင်သွားပြီလို့ သိရတယ်။ အဲဒီမှာ ကျန်ခဲ့တဲ့ လူတွေ သေလား ၊ ရှင်လား မသိရသေးဘူး။ စက်ရုံနဲ့ ကျောင်းတော့ ပြာကျသွားပြီ” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကလည်း စစ်ကြောင်း ဖြတ်သန်းသွားသည့် ကျေးရွာများတွင် နေအိမ်များမီးလောင်ကာ အရပ်သား သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း  အတည်ပြုပြောကြားသည်။

“မနေ့က မြေပြင်အခြေအနေကို မေးကြည့်တဲ့အခါ ပစ်ခတ်မှုတွေရှိတယ်လို့ ပြောတယ်။ လူနာတွေကို သယ်ဖို့ ပြည်နယ်အစိုးရအဖွဲ့  နယ်လုံနဲ့ ဆက်သွယ်တဲ့အခါ သွားလို့ရတယ်လို့ ပြောထားတယ်။ ဒီနေ့မှ အခြေနေ အသေးစိတ်ကို သိရမယ်။ တင်းမရွာသားနဲ့တော့ တိုက်ရိုက် ဖုန်းရလိုက်လို့ သူတို့ရွာမှာ အိမ် ၁၃ ဆောင်လောင်တယ်။ မျောက်တောင်မှာလည်း တစ်အိမ် လောင်တယ်။ ပြိုင်းတိုင်းရွာက အုပ်ချုပ်ရေးမှူးကတော့ ရွာမီးလောင်သွားပြီ။ သက်ကြီးရွယ်အိုတွေ ကျန်ခဲ့တယ်တော့ ပြောတယ်။ အခြေနေကို ထပ်ဆက်သွယ်မေးမြန်းကြည့်ရအုန်းမယ်” ဟု ဦးထွန်းဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း တို့အား ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

--------------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၁၄/၂ဝ၂ဝ
 










ဆက်စပ် သတင်းများ