သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တပ်က ဖမ်းခေါ်သွားသည့် တင်းမနှင့် မာလာရွာသားများ ပြန်ရောက်မလာ၍ မိသားစုဝင်များစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသစ်မှ ရွာသား ၈ ဦးနှင့် မာလာကျေးရွာမှ ရွာသား ၆ ဦးတို့ကို မြန်မာ့တပ်မတော်စစ်ကြောင်းနှစ်ခုက  ယမန်နေ့ မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းထိ ပြန်ရောက်မလာသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

တင်းမကျေးရွာသစ်မှ ဖမ်းဆီး ခေါ်ဆောင်ခံရသူ ဦးမောင်သန်းစိုး၏ ဇနီးဖြစ်သူ ဒေါ်မအေးလှက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်လည်းမရ၊ အိမ်ကိုလည်း ယနေ့ နေ့လယ်ပိုင်းထိ ပြန်ရောက်မလာသည့် အတွက် အထူး စိတ်ပူပင်နေရကြောင်း ပြောသည်။

“ရွာရဲ့စာသင်ကျောင်းနောက်မှာ ဘောလုံးကွင်းရှိပါတယ်။ အဲဒီလောလုံးကွင်းအနီးမှာ မန်းကျည်းပင် တစ်ပင်ရှိတယ်။ အဲဒီမန်းကျည်းပင်အောက်မှာ တပ်မတော်သား ၁ဝ ဦးခန့်က ရွာမှာရှိတဲ့မိန်းမတွေ ကလေး အမေတွေ အသက် ၅ဝ အရွယ် ၆ဝ အရွယ်ယောကျ်ားအားလုံးကို ခေါ်ပြီးတော့ စုထားပါတယ်။ စုပြီးတော့ အဲဒီအထဲ ယောကျ်ား ရှစ်ကို အင်္ကျီတွေကို ချွတ်ခိုင်းပြီး အဲဒီ အကျီ်နဲ့ မျက်လုံးပိတ်ချည်ပြီး ခေါ်သွားပါတယ်။ ဘယ်ကိုခေါ်သွား မှန်းလည်း မသိဘူး။ ကျမတို့ကို မကြည့်နဲ့ အိမ်ကို ပြန်တော့ဆိုပြီးတော့ ပြောတယ်” ဟု ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ တင်းမကျေးရွာသစ်တွင် နေထိုင်ကြသူများဖြစ်ပြီး လယ်ယာ လုပ်ငန်းနှင့် သီးနှံခင်းများစိုက်ပျိုးကာ လုပ်ကိုင်စားသောက်နေကြသည့် အရပ်သားများသာ ဖြစ်ကြောင်း၊ အပြစ်မရှိသူများကို အမြန်ဆုံးပြန်လွှတ် ပေးစေလိုကြောင်း ပြောသည်။

တင်းမသစ်ကျေးရွာမဖမ်းဆီး ခေါ်ဆောင်ခံရသူများမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်းမောင်၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြောင်း သိရသည်။

အလားတူ ကျောက်တော်မြို့နယ် မာလာရွာမှ ရွာသား ၆ ဦးကိုလည်း တပ်မတော်စစ်ကြောင်း တစ်ခုက ဖမ်းဆီးထားသည်ဟု သိရသည်။

တင်းမကျေးရွာသစ်မှ ဦးစံသာမောင်၏ ဇနီးဖြစ်သူ ဒေါ်လှကြာဖြူက “အမြန်ဆုံးပြန်လွှတ် ပေးစေချင်ပါတယ်။ မနေ့ကဖမ်းသွားတဲ့လူတွေအားလုံးကို ပြန်လွှတ်ပေးစေချင်ပါတယ်။ ဘာအပြစ်မှမရှိဘဲနဲ့ ဖမ်းသွားတယ်ဆိုတော့ ကျမတို့လည်း ဘာပြောရမှန်းတောင်မသိတော့ဘူး။ မပြောတတ်တော့ဘူး။” ဟု ပြောသည်။

ဆက်လက်ပြီး မာလာကျေးရွာတွင်လည်း ယနေ့ နံနက် ၁ဝ နာရီခန့်တွင် ယမန်နေ့က ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းက ရွာသားများအားစုခိုင်းပြီး နေအိမ်ပေါ်တက်၍ ရှာဖွေမှုများ ပြုလုပ်နေကြောင်း ယနေ့ နေ့လယ် ၁၂ နာရီခန့်က ဆက်သွယ် မေးမြန်းစဉ် မာလာကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် မာလာရွာသား ၆ ဦးမှာ ဦးမောင်ဦး(၄၅)နှစ်၊  ဦးမောင်နုစိန်(၅ဝ)နှစ်၊ ဦးကျော်ဆန်း(၃၇)နှစ်၊ ဦးမောင်ကျန်(၄ဝ)နှစ်၊ ဦးအေးကျော်ဝင်း(၃၈)နှစ်နှင့် ဦးစောရွှေ(၄ဝ) တို့ ဖြစ်ကြောင်း သိရသည်။

---------------------------------------

Unicode:












ဆက်စပ် သတင်းများ