ရွာသားများစွန့်ခွာသွားသော ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာ မီးအကြီးအကျယ်လောင်နေ


ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၂၂/ ၂ဝ၂ဝ

ကျောက်တော်မြို့နယ်မှ ရွာသားများ စွန့်ခွာသွားခဲ့သော အိမ်ခြေ (၇ဝဝ) ရှိ တင်းမရွာကို ယနေ့နံနက် ၁၁ နာရီက စတင်ပြီး မီးအကြီးအကျယ် လောင်နေသည်ဟု သတင်းရရှိသည်။

ရွာသား တစ်ဦးက “ ဒီကနေ့ နံနက် ၁၁ နာရီလောက်က စ လောင်တာပါ။ သေနတ် နှစ်ချက် သုံးချက်ပစ်သံထွက်လာပြီးတဲ့နောက် အိမ်တွေ စမီးလောင်တာကို မြင်ရပါတယ်။ တိုက်ပွဲ ဖြစ်တာလည်း မရှိပါဘူး။ ကျွန်တော်တို့က ရွာကို မီးရှို့ခံနေရတယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

တင်းမဆရာတော်ကလည်း တင်းမရွာကို မီးရှို့ခံနေသည်ဟု သတင်းရကြောင်း၊ မိမိမှ ကျောင်းကို စွန့်ခွာခဲ့ပြီ ဖြစ်သဖြင့် အသေးစိတ် မသိရှိရကြောင်း၊ ရွာတွင် ကျန်နေခဲ့သည့် မိသားစုများက ဖုန်းဆက် အကြောင်းကြား၍ သိရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က “ တင်းမကျေးရွာ မီးအကြီးအကျယ် လောင်နေတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ ဘော်လုံးကွင်းအနီးက အိမ်တွေကို အကြီးအကျယ် လောင်နေတယ်လို့ သိရတယ်။ တစ်ရွာလုံး လောင်သွားနိုင်တယ်လို့ အနီးအနားကျေးရွာက လူတွေက ပြောပါတယ်။ ဘယ်သူတွေ တိုက်သလဲဆိုတာ ပြောဖို့ခက်တယ်။ ရွာမှာက လူတွေလည်း မရှိဘူးဖြစ်နေတယ်။ ရွာပျက်အောင်ကြံစည်ပြီး တိုက်တာတော့ ဖြစ်နိုင်တယ်” ဟု ပြောဆိုသည်။

ကျောက်တော်မြို့နယ်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကလည်း တင်းမရွာမီးလောင်နေသည်မှာ ဟုတ်မှန်ကြောင်း၊ အနီးဘေးပတ်ဝန်းကျင်ရွာများက ဖုန်းဆက်သွယ်ရစဉ် ပြောကြား၍ သိရှိရကြောင်း ပြောကြားသည်။

တင်းမကျေးရွာသည် အိမ်ခြေ ၇ဝဝ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး တစ်ရွာလုံးနီးပါးရှိ ကျေးရွာသားများမှာ ရွာထဲတွင် လက်နက်ကြီးကျည်ကျရောက်မှု၊ ရွာသားအချို့  ဖမ်းဆီး ခံရမှုတို့ကြောင့် ရွာကို စွန့်ခွာထွက်ပြေးသွားကြပြီဟု သိရသည်။

-----------------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၂/ ၂ဝ၂ဝ







Share: