ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တိုက်လေယာဉ်မှ ပစ်ခတ်၍ ပလက်ဝမြို့နယ်ရေချမ်းဝကျေးရွာမှ အမျိုးသမီး ၂ဦးနှင့် ကလေး ၁ ဦးတို့ ဒဏ်ရာရ၊ နေအိမ် ၈ ဆောင်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.2k

သန့်မြတ်ခိုင်
စစ်တွေ၊ ၂၂/၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရေချမ်းဝ (ရခိုင်)ကျေးရွာအား ယနေ့ နေ့လယ်ပိုင်းက ဂျက်တိုက်လေယာဉ်မှ ပစ်ခတ်၍  အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦးတို့တွင် ဒဏ်ရာရရှိသွားပြီး လူနေအိမ် ၈ ဆောင်လည်း ပြိုပျက်သွားကြောင်း ရေချမ်းဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှရွှေမောင်က နိရဥ္စရာသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ ရေချမ်းဝ ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ဒေါ်မအေးသန်း(၃၇)နှစ်၊ ဒေါ်ကြာလှအောင်(၄၇)နှစ်နှင့် ရေချမ်းဝကျေးရွာမှ လှသန်းမောင်(၈)နှစ်တို့ ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာများမှာ ဒေါ်မအေးသန်းတွင် ညာဘက် လက်မောင်း၊ ဒေါ်ကြာလှအောင်တွင် ကျောကုန်း၊ လှသန်းမောင်တွင် ဘယ်ဘက်လက်တွင် ဒဏ်ရာရရှိသွားကြောင်း ၎င်းက ပြောသည်

လက်နက်ကြီးကျပြီး ပျက်စီးသွားသည့် နေအိမ်ပိုင်ရှင်များမှာ ဦးထွန်းသာစိန်၊ ဦးစောလှဦး၊ ဦးထွန်းသာ၊ ဦးကံဌေး၊ ဦးညီညီခိုင်(ကျောင်းဆရာ)၊ ဦးဇော်ဇော်ဦး၊ ဦးအောင်အောင်စိုးနှင့် ရေချမ်းဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှရွှေမောင်တို့၏ နေအိမ်များဟု သိရသည်။

ဦးလှရွှေမောင်က “ဂျက်တိုက်လေယာဉ် တစ်စီးလာပြီးတော့ ကျေးရွာရဲ့အပေါ်ပိုင်းကို ဗုံးကြဲ သံကြား လိုက်ရတယ်။ မကြာခင် အဲဒီ ၁ မိနစ် ၂ မိနစ်ကြားမှာ ကျနော်တို့ဒီရေချမ်းဝရွာကို တစ်ပတ် နှစ်ပတ်လောက် ပတ်ပြီးတာနဲ့ အပေါ်ကနေပစ်တယ်။ ရွာဆိပ်ကမ်းဘက်ကို နှစ်ချက်၊ နောက်ပြီးတော့ ရွာကြားဘက်ကို တစ်ချက်ကျတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေချမ်းဝကျေးရွာ အထက်ပိုင်း၌ ယနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄ဝ ခန့်က ဂျက်တိုက်လေယာဉ်တစ်စီး ဗုံးကြဲပြီးနောက်  မိနစ်ပိုင်းအလိုတွင် အဆိုပါ ဂျက်တိုက် လေယာဉ်က ရေချမ်းဝကျေးရွာကို ပစ်ခတ်ခဲ့သည်ဟု ပြောဆိုသည်။

သို့ရာတွင် နေအိမ်များ မီးလောင်ကျွမ်းမှုမရှိဘဲ  နံရံများနှင့် ခေါင်မိုးများ ပြိုကျသွားကြောင်း ၄င်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“တိုက်ပွဲလုံးဝမဖြစ်ဘူး။ တိုက်ပွဲမဖြစ်ပဲနဲ့သူတို့က အလွတ်သက်သက် လာပစ်တာပါ။ ဘယ်လိုပစ်မှန်းလည်းမသိဘူး။ ဗုံးစတွေလည်း ကျနော်တို့ကောက်ထားတာရှိတယ်။ နောက်ထပ် ပစ်တာက စက်သေနတ်ဖြစ်မယ် ထင်တယ်။ အဲဒါနဲ့လည်း အရမ်းပစ်ခဲ့တယ် ” ဟု ဦးလှရွှေမောင်က ဆက်ပြောသည်။

ရေချမ်းဝကျေးရွာသည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင်ရှိပြီး ယင်းရွာ၏ အရှေ့ဘက်ကမ်းတွင်ရှိသည့် နှမဒါကျေးရွာ အနီးဝန်းကျင်ကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် နေအိမ်ခေါင်မိုးများ ပေါက်ထွက်သွားကြောင်း နှမဒါကျေးရွာမှ ဦးအောင်ကျော်စိန်က ပြောသည်။

ဦးအောင်ကျော်စိန်က“ ၁ နာရီ ၁ဝ မိနစ်လောက်မှာ ကျနော်တို့ရွာ အနီးက တောင်တန်းတွေကို လာပြီးတော့ ဗုံးကြဲပါတယ်။ တိုက်လေယာဉ်နဲ့။ ရွာထဲမှာ တစ်လုံးကျပါတယ်။ ရွာအနောက်ဘက် ကမ်းက ရေချမ်းဝရွာ ဆိပ်ကမ်းမှာလည်း တစ်လုံးကျတယ်။ နောက်ပြီးတော့ ရွာရဲ့ရှေ့ဘက် တောင်တန်းတွေကိုလည်း ပစ်ပါတယ်” ဟု ပြောသည်။

နှမဒါကျေးရွာတွင်  ရွာသားများထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊ ကျေးရွာသားများ ထိခိုက်မှု မရှိခဲ့သော်လည်း ၎င်း၏ နေအိမ်အပါအဝင် ကျေးရွာအတွင်းရှိ နေအိမ်အချို့  ခေါင်မိုးပေါက်ထွက် သွားကြောင်း၊ လက်နက်ကြီးကျရောက် ပေါက်ကွဲသည့် အစများလည်း ရှိကြောင်း ဦးအောင်ကျော်စိန်က ဆက် ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်းဗိုလ်မှူးကြီးဝင်းဇော်ဦးထံသို့ ယနေ့ ညနေ ၄ နာရီ ၂၄ မိနစ်ခန့်က ဆက်သွယ်ခဲ့ရာ တစ်စုံတစ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေ၍ ရွာသားများ  စိုးရိမ်ကြောက်လန့်နေကြရကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

-------------------------------

Unicode:


















ဆက်စပ် သတင်းများ