ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်မာလာရွာမှ သားဖနှစ်ဦးနှင့် ဒက်ဖြူရွာသား တစ်ဦးတို့ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.8k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ မတ် ၂၇ / ၂ဝ၂ဝ

ကျောက်တော်မြို့နယ်၊ မာလာရွာမှ သားဖနှစ်ဦး၊ ဒက်ဖြူရွာက တစ်ဦး မတ်လ ၂၂ ရက်နေ့ကတည်းက မိသားစုများနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုများအနေဖြင့် အထူး စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

ပျောက်ဆုံးနေသူ မာလာရွာမှ သားဖနှစ်ဦးမှာ ဦးမဲတုတ်ချေ ( ၅၈)နှစ် သန်းထွန်းမောင် (၃၂) နှစ် တို့ဖြစ်ကြပြီး ဒက်ဖြူရွာမှ ပျောက်ဆုံးနေသူမှာ သန်းရွှေမောင်တို့ ဖြစ်ကြသည်။

ဦးမဲတုတ်ချေ၏ သားငယ်ဖြစ်သူ ကိုထွန်းသိန်းမောင်က “ ကျွန်တော်အဖေနဲ့ အစ်ကိုကို ဒီလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့က စစ်တပ်က ဖမ်းသွားတာပါ။ သူတို့က ရွာကို ပြန်ပြီး အဝတ်အစားတွေ ပြန်ယူသွားကြတဲ့ အချိန်မှာ အဖမ်းခံရတာပါ။ နောက်တစ်ယောက်က ကျွန်တော်အဖေနဲ့ အတူ အကူအညီ ပေးဖို့ လိုက်ပါသွားတဲ့ ဦးသန်းရွှေမောင်ပါ။ သူလည်း အဖမ်းခံရပါတယ်။ သူတို့ကို စစ်တပ်က ဖမ်းသွားတယ် ဆိုတာ ဒက်ဖြူရွာက ချောင်းထဲမှာ ရေချိုးနေတဲ့ ဦးယက်သဲအောင် မြင်လိုက်ပါတယ်။ အဲဒီနေ့ကတည်းက မိသားစုနဲ့ အဆက်အသွယ်မရတဲ့ အတွက် စိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။

မာလာရွာတွင် အိမ်ခြေ ၁၇ဝ ကျော် ရှိပြီး လက်ရှိအချိန်တွင် ရွာတွင် ရွာသား တစ်ဦးတစ်ယောက်မှ မရှိတော့ဘဲ ကျောက်တော်မြို့ပေါ် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသည်ဟု သိရသည်။

ပျောက်ဆုံးနေသူ ဦးမဲတုတ်ချေတို့ သားဖနှစ်ဦးနှင့် ဦးသန်းရွှေမောင်တို့မှာ အဆိုပါ မတ်လ ၂၂ ရက်နေ့က ကျောက်တော် စစ်ဘေးရှောင် စခန်းမှ မာလာရွာသို့ ပြန်ပြီး အဝတ်အစားများကို ယူဆောင်ရန် သွားကြစဉ် ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ဦးမဲတုတ်ချေ၏ သားငယ်ဖြစ်သူ ကိုထွန်းသိန်းမောင်က ပြောဆိုသည်။

“ အမေက ဒါ်စောသိန်းနုပါ။ အသက်က (၅၄) နှစ် ရှိနေပါပြီ။ အမေက အဖေတို့ အတွက် အထူးစိုးရိမ်နေပြီး စားမဝင် အိပ်မပျော် ဖြစ်နေပါတယ်။ ကျွန်တော် အဖေတို့ ဘယ်မှာ ရှိတယ်ဆိုတာ သိချင်ပါတယ်။ တတ်နိုင်တဲ့သူတွေ ကူညီပေးကြစေလိုပါတယ်” ဟု သားငယ်ဖြစ်သူကို ထွန်းသိန်းမောင်က ပြောဆိုသည်။

ထိုသို့ ပျောက်ဆုံးနေသဖြင့် ကျောက်တော်မြို့နယ် မြို့မရဲစခန်းနှင့် ရခိုင်အမျိုးသားပါတီတို့တွင် တိုင်ကြားထားသည်ဟု ၎င်းက ပြောသည်။

ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်(ခ) ဦးမောင်သန်းစိန်က ၎င်းရွာသား ၃ ဦးပျောက်ဆုံးနေကြောင်း အတည်ပြု ပြောကြားသည်။

“ တပ်နဲ့ ပတ်သက်နေတဲ့ အခါကျတော့ အဆက်အသွယ် လုပ်ဖို့လည်း အခက်အခဲရှိတယ်။ စုံစမ်း မေးမြန်းဖို့လည်း မဖြစ်နိုင်တော့ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌတို့၊ နယ်လုံဝန်ကြီးတွေဆီကိုတော့ အကြောင်း ကြားထားပါတယ်။ တိတိကျကျတော့ မပြောနိုင်ဘူး။ မိသားစုတွေကတော့ ကျောက်တော် တပ်မမှာ ရှိနေသလိုလို ပြောပါတယ်” ဟု ပြောဆိုသည်။

ကျောက်တော်မြို့နယ်တွင် ပျောက်ဆုံးနေသူ ရွာသား ၂ဝ ကျော်ရှိနေပြီး ထိုအထဲတွင် စစ်တပ်က ခေါ်ဆောင်သွားသည့် တင်းမကြီးရွာမှ ၁ဝ ဦး၊ တင်းမသစ်ရွာမှ ၈ ဦးတို့ ပါဝင်ပြီး မိသားစုများက တရားနှင့် ဥပဒေနှင့် အညီ ဆောင်ရွက်စေလိုကြောင်း ပြောဆိုသည်။

-----------------------

Unicode:


နိရဉ်စရာ၊ မတျ ၂၇ / ၂ဝ၂ဝ











ဆက်စပ် သတင်းများ