ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ဦး ရွှေကျင်ပြင်ကျေးရွာမှ မျှစ်ချိုးသွားသူ လင်မယားနှစ်ဦး ဖမ်းဆီးခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၁၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ ရွှေကျင်ပြင်ကျေးရွာမှ မျှစ်ချိုးရန်သွားသော လင်မယားနှစ်ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုက ဇွန်လ ၁၆ ရက် ညနေ ၃ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်ထားပြီ ယနေ့ အချိန်ထိ ပြန်မလွှတ်ပေးခြင်းမရှိသေးဟု မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံထားရသူနှစ်ဦးမှာ ရွှေကျင်ပြင်ကျေးရွာမှ ဦမျိုးနိုင် (၄၂) နှစ် နှင့် ဒေါ်မေလှယေ (၄၁) တို့ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့၏သားဖြစ်သူ ဦးမောင်ချေက “အဲဒီနေ့ မနက် ၈ နာရီလောက်မှာ အဖေနဲ့ အမေက မျှစ်ချိုးဖို့ဆိုပြီး စက်လှေနဲ့ ထွက်သွားတယ်။ ညနေပိုင်းမှာ သူတို့က ပြန်လာပါတယ်။ အဲဒီချိန်မှာ တိမ်ညိုနားကို ရောက်တာနဲ့ တပ်မတော် စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတယ်ဆိုပြီး တိမ်ညိုရွာက လူတွေက ကျနော်တို့ကို ပြောတယ်။ ဖမ်းထားတယ်ဆိုတာကို သိပေမဲ့ ကျနော်တို့ကလည်း သွားမကြည့်ရဲဘူး။ သွားပြီးတော့လည်း မခေါ်ရဲဘူး။ ဒီနေ့ မနက်ပိုင်းက သူတို့ရွာကထွက်သွားတဲ့ အချိန်မှာလည်း အဖေတို့ ကိုလည်း ခေါ်သွားတယ်လို့ ရွာသားတွေက ကျနော်တို့ကို ပြောတယ်” ဟု ပြောသည်။

၄င်းလင်မယားနှစ်ဦးမှာ ရွှေကျင်ပြင်ကျေးရွာမှ ၃ မိုင်ခန့်ဝေးသည့် မကျားကျေးရွာအနီး တောင်တန်းသို့ မျှစ်ခူးရန် စက်လှေဖြင့် သွားစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ရွှေကျင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်တင်က ပြောသည်။

 “ရွာသားတွေက အဲဒီ မကျားဘက်နားမှာရှိတဲ့ တောင်တန်းတွေကို ထင်းခွေ၊  မျှစ်ချိုးဖို့ သူတို့ သွားနေကျပါ။ ရန်းချောင်းကို ဖြတ်ပြီး စက်လှေနဲ့ သွားကြတာပါ။ အဲဒီမှာ တိမ်ညိုကို ဖြတ်ပြီး သွားရပါတယ်။ သူတို့ လင်မယားက တိမ်ညိုနားအရောက်မှာ စစ်သားတွေက ဖမ်းသွားတာလို့ ကျွန်တော်တို့ တစ်ဆင့်ခံ ကြားသိရပါတယ် ” ဟု  ဦးကျော်တင်က ပြောသည်။

 အဆိုပါ ဦးမျိုးနိုင်တို့မိသားစုမှာ လက်လုပ်လက်စား ပင်ပန်းဆင်းရဲသားများဖြစ်ကြပြီး နွေရာသီတွင် ထင်းခွေပြီး မိုးရာသီတွင် မျှစ်ခူးရောင်းချခြင်းဖြင့် အသက်မွေးနေရသူများဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ လိပ်ဆင်းပြင်ကျေးရွာမှ ကိုသန်းမြင့်ဌေး (၃ဝ) နှစ် အားဖမ်းဆီးခေါ်ဆောင်သွားပြီး လင်းမြွေတောင်ရောက်လျှင် လွတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့ထိ မလွှတ်ပေးသေးသဖြင့် မိသားစုဝင်များမှာ စိုးရိမ်ကြောင့်ကြနေကြကြောင်း ကိုသန်းမြင့်ဌေး၏  အစ်ကိုဖြစ်သူ ကိုသာထွန်းက ပြောသည်။

 “ သန်းမြင့်ဌေးအနေနဲ့ အပြစ်လုပ်ထားတာတွေရှိရင် သက်ဆိုင်ရာကိုအပ်နှံပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ အပြစ်မရှိရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်" ဟု ၎င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ လိပ်ဆင်းပြင်က တစ်ယောက်အဖမ်းခံရတာတော့ ဟုတ်တယ်။ ဒါပေမယ့် ရွှေကျင်က လင်မယားနှစ်ယောက် အဖမ်းခံရတယ် ဆိုတာကိုတော့ အတည်ပြုလို့ မရနိုင်သေးဘူး” ဟု ဖြေကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။


ဆက်စပ် သတင်းများ