စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ကျောက်ဖြူရွာကျေးရွာအနီး ပစ်ခတ်မှုအချို့ရှိခဲ့ပြီး ရွာသားအချို့ စစ်ဆေးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ ဇွန် ၂၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူရွာကျေးရွာအနီး ယနေ့နံနက်က ပစ်ခတ်မှုအချို့ရှိခဲ့ပြီး ရွာသားအချို့ စစ်ဆေးခံခဲ့ရသည်ဟု သိရသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ လမုတပင် ကျေးရွာ ဘက်သို့ ထွက်ခွာလာသော တပ်မတော်စစ်ကြောင်းတစ်ခုသည် ကျောက်ဖြူရွာနှင့် ကာလီယာ ကျေးရွာကြား အရောက်တွင် လယ်ကွင်းပြင်ရှိ ရွာသားများက မြင်၍ ထွက်ပြေးကြစဉ် အဆိုပါစစ်ကြောင်းက လက်နက်များဖြင့် အနည်းငယ် ပစ်ခတ်မှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

"ပစ်တာကတော့ အပေါ်တွေ ဘာတွေ၊ လယ်ကွင်းတွေဘာတွေကို ပစ်တာလားမသိဘူး။ ရွာမှာတော့ ထိတာတွေတော့ မကြားဘူး။ အထိအခိုက်တော့ ရွာမှာတော့ မကြားဘူး။ သူတို့လာလို့ ရွာသားတွေ ထွက်ပြေးတာကို AA ထွက်ပြေးတယ်အထင်နဲ့ ပစ်တာလည်း ဖြစ်မယ်"ဟု ကျောက်ဖြူရွာကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဂုဏက မိန့်သည်။

ရွာတစ်ဘက်ကမ်းရှိ အပေါက်ဝရဲစခန်းအတွင်းမှလည်း ပစ်သံအချို့ကိုကြားခဲ့ရသည်ဟုလည်း ရွာသားများက ပြောသည်။

ယင်းသို့ ပစ်ခတ်ပြီးနောက် အဆိုပါစစ်ကြောင်းသည် ကျောက်ဖြူရွာကျေးရွာသို့အရောက်တွင် ရွာသားအချို့ကို ခေါ်ယူစစ်ဆေးမှုများရှိခဲ့သည်ဟု စစ်ဆေးခံခဲ့ရသူများက ပြောသည်။

စစ်ဆေးခံခဲ့ရသူတစ်ဦးက "ကျနော်တို့က ပစ်သံကြားလို့ ဗုံးတွင်းမှာ ဝပ်နေကြတယ်။ အဲဒါကို ခင်ဗျား ထွက်ခဲ့ဆိုပြီးတော့ ခေါ်တယ်။ ပြီးတော့ ဗုံးတွင်းမှာ ယောက်ျားတွေရှိလားမေးတယ်။ ကျနော်က မရှိဘူး။ အကုန်လုံး မိန်းမတွေချည်းပဲ။ ပစ်သံတွေကြားလို့ ကြောက်လို့ ပုန်းနေကြတာလို့ ဖြေတယ်။ ဆိုတော့ မှန်တယ်နော်။ ယောက်ျားတွေရှိရင် အကုန်ပစ်သတ်မယ်လို့ ပြောတယ်။ ကျနော်ကလည်း မှန်ပါတယ်လို့ ပြောလိုက်တယ်။ ခင်ဗျား ဒီနေရာမှာ AA မရှိဘူးနော်လို့ မေးတယ်။ ကျနော်တို့ကတော့ ကြားသာကြားဖူးတယ်။ မြင်လည်း မမြင်ဖူးပါလို့ပြောတော့ အေး သေနတ် ပေါက်တယ်ဆိုရင် ခင်ဗျားလည်း သေမယ်နော်ဆိုပြီး သူတို့ ပြန်သွားတယ်"ဟု ပြောသည်။

အဆိုပါစစ်ကြောင်းသည် ကျောက်ဖြူရွာကျေးရွာမှတဆင့် လမုတပင်ကျေးရွာသို့ ဆက်လက် ထွက်ခွာ သွားခဲ့သည်ဟု ဆိုသည်။

လမုတပင်ကျေးရွာသို့အဝင်တွင်လည်း သေနတ်ပစ်ဖောက်၍ ရွာထဲသို့ဝင်ရောက်လာပြီး ရွာထဲ၌ တွေ့သည့် သူတိုင်းကို ခေါ်ယူကာ ရွာလယ်တွင် စုခိုင်းထားသည်ဟု ရွာသားများက ပြောသည်။

"အခုက မိန်းမတွေကိုလည်း ခေါ်ထားတယ်လို့ ပြောပါတယ်။ ပြီးတော့ ရွာကမ်းစပ်က နေပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပေါ်ကိုထောင်ပြီး ပစ်နေပါတယ်"ဟု လမုတပင်ကျေးရွာသားတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူရွာကျေးရွာနှင့် လမုတပင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲပါ။

အဆိုပါ စစ်ကြောင်းသည် ကြာညိုပြင်ကျေးရွာတွင် ယမန်နေ့ညက ညအိပ်ရပ်နားကာ ယနေ့နံနက်ပိုင်း၌ လမုတပင်ကျေးရွာဘက်သို့ ထွက်ခွာလာခြင်းဖြစ်သည်။

ဓာတ်ပုံ - လမုတပင်ကျေးရွာ မြင်ကွင်းအား ယခင်က တွေ့ရစဉ်။


ဆက်စပ် သတင်းများ