အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် ၄၈ နာရီအတွင်း လက်နက်ကြီးကျည်ထိမှန်၍ ၄ ဦးသေ၊ ၄ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.3k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန်လ ၂၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ် ၃ ခုတွင် ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့၊ (၂) ရက်တာ ၄၈ နာရီအတွင်း လက်နက်ကြီးနှင့် သေနတ်ကျည်ထိမှန်၍ ကလေးငယ် တစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ 

သေဆုံးသူများမှာ အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာ ၂ ဦး၊ မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းမှ တစ်ဦးနှင့် ဘူးသီးတောင်မြို့နယ် ပြိုင်းတောင်မူဆလင်ကျေးရွာမှ တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ဖြစ်ကြသည်။

ဒဏ်ရာရသူများမှာ အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာမှ ကလေးငယ် တစ်ဦးအပါအဝင် ၃ ဦး၊ ဘူးသီးတောင်မြို့နယ် ပြိုင်းတောင် မူဆလင် ကျေးရွာသားတစ်ဦးတို့ ဖြစ်ကြသည်။ 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာသို့ ဇွန် ၂၆ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ  ကျေးရွာသား ၂ ဦးသေဆုံးကာ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ကျေးရွာသားများက ပြောကြားသည်။  

သေဆုံးသူမှာ ဦးဘမောင်(၆၇) နှစ် နှင့် ဦးညွှန့်အေး (၄၂)နှစ် ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မနှင်းမွှေး(၂ )နှစ်၊ ဦးချစ်တင်(၅၉)နှစ်၊ ဒေါ်လှလှနွယ် (၃၆)နှစ် တို့ဖြစ်ကြသည်။

၄င်းကျေးရွာမှ ဦးချစ်တင်နှင့် အိမ်နီးချင်းဖြစ်သူ ကိုအလင်္ကာက  “တိုက်ပွဲဖြစ်တာလည်းမရှိပဲ။ တပ်ကနေ လှမ်းပစ်တာ။ ရွာထဲကို လက်နက်ကြီး ငါးချက်ထိတယ်။ သေတဲ့လူနဲ့ ဒဏ်ရာရတဲ့လူတွေက ဒီအတိုင်းဘဲ ရှိသေးတယ်။ ဆေးရုံမယူရသေးဘူး။ ဒဏ်ရာပြင်းကြတယ်။ စိုးရိမ်ရတယ်” ဟုပြောသည်။

ဇွန်လ ၂၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊  ပြိုင်းတောင် မူဆလင်ကျေးရွာ ထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးမာမတ်အီနုစ် (၂၇) နှစ်တွင် ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး သူ၏တစ်နှစ်အရွယ် သားငယ်မှာ သေဆုံးသွားခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

၎င်းလက်နက်ကြီးကျည်မှာ မည်သူမည်ဝါ ပစ်သည်ကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းရွာမှ ကျေးရွာသားတစ်ဦး ဇွန်လ ၂၅ ရက် ညဉ့်အချိန် ငါးဖမ်းသွားစဉ် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်တွင်းကုန်းကျေးရွာမှ ဦးအောင်ကျော်သိန်း (၄၃) နှစ်ဖြစ်ကြောင်း၊ ပန်းမြောင်း အောင်မင်္ဂလာ တောင်မှ ညဉ့်အချိန် မီးရောင်မြင်၍ စစ်တပ်က ပစ်ခတ်စဉ် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း၊  အိမ်သို့ ပြန်ရောက်ပြီး ည ၁၁ နာရီအချိန်တွင် ဦးအောင်ကျော်သိန်းမှာ နေအိမ်၌ သေဆုံးသွားခဲ့ကြောင်း၊ သေနတ်ဒဏ်ရာမှာ သူ၏ ညာဘက် နို့အုံ၌ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ညီတော်စပ်သူ ဦးထွန်းသိန်းမောင်က ပြောသည်။

အလားတူ ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က ရသေ့တောင်မြို့ အနီးပစ်ခတ်မှု ဖြစ်ပွား၍  ရွှေပါရမီ ဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းမှ  ဆွံအ၊ နားမကြား၊ မျက်မမြင်၊ စစ်ဘေးရှောင်အမျိုးသား ဦးမောင်အေးညွှန့် (၅၅) နှစ် ကျည်ဆံ ထိမှန် ဒဏ်ရာရရှိကာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသနေရသည်။ 

အမ်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း သေဆုံးမှုမှာ တပ်မတော်ဘက်က ပစ်လိုက်သော လက်နက်ကြီး ကျည်ကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း တပ်မတော် သတင်းမှန် ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်၍ မရသဖြင့် ၎င်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်ဘက်က ပစ်ခတ်ခြင်း ဟုတ်/မဟုတ်ကို အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိပါ။ 


ဆက်စပ် သတင်းများ