ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

AA ကို ရိက္ခာထောက်ပံ့သည့်သံသယဖြင့် ကျောက်ဖြူမြို့နယ်မှ ကျေးရွာတာဝန်ခံတစ်ဦးနှင့် အမျိုးသမီး ၃ ဦးကို စစ်တပ်က ခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၂၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ကျေးရွာတာဝန်ခံအပါအဝင် အမျိုးသမီး ၃ ဦးတို့ကို AA ကို ရိက္ခာဆန်ထောက်ပံ့သည့် သံသယဖြင့် ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီက တပ်မတော်က ခေါ်ယူသွားကြောင်း သတင်းရရှိသည်။

ခေါ်ဆောင်ခံရသူများမှာ ရေနံဒွိန်ကျေးရွာတာဝန်ခံ ဦးမောင်ထောင်(၆ဝ)နှစ်၊ စျေးဆိုင်ရောင်းသူ ဒေါ်ဗြားမ(၅၃)နှစ်၊ ဒေါ်လှသန်းခင်(၄ဝ)နှစ်နှင့် အသက်(၃၇)နှစ်ခန့်ရှိသည့် ရတနာအောင်ဇာတ်သဘင်မှ ဇာတ်ဆရာမတို့ ဖြစ်သည်။ ဇာတ်ဆရာမ၏ ကလေးငယ်နှစ်ဦးဖြစ်သည့် မောင်အောင်အောင်ထွန်း(၈)နှစ်နှင့် မရတနာအောင်(၆)နှစ်တို့ကိုလည်း မိခင်ဖြစ်သူနှင့်အတူ ခေါ်ဆောင်သွားသည်ဟု ရွာသားများက ပြောသည်။ 

ခေါ်ဆောင်ခံရသူ ဦးမောင်ထောင်၏ ချွေးမဖြစ်သူ မခင်မိုးအေးက “ အေအေကို ထောက်ပံ့တယ်ဆိုပြီး ဇူလိုင်လ ၂၂ ရက် မနက် ၈ နာရီလောက်က အမျိုးသမီး ငါးယောက်ကို ခေါ်ယူ စစ်ဆေးပါတယ်။ အဲဒီအထဲက  သုံးယောက်ကိုတော့ ဘုန်းကြီကျောင်းမှာ ခေါ်ထားလိုက်တယ်။ ဦးမောင်ထောင်ကိုတော့ ည ၇ နာရီလောက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ခဏလာအုန်းလို့   ဖုန်းဆက်ခေါ်လို့ လိုက်သွားတာပါ။ သူ့ကိုရော ကားနဲ့ တင်ခေါ် သွားတယ်လို့ သိရတယ်။ ဒီနေ့မနက်ထိ အိမ်ကို ပြန်မရောက်လာပါဘူး။ အိမ်ကလူတွေတောင်မကဘူး တစ်ရွာလုံး စိတ်ပူလို့ ဆူညံနေကြပြီ” ဟု ပြောသည်။

၄င်း ရတနာအောင်ဇာတ်သဘင်မှ ဇာတ်ဆရာမမှာ ရေနံဒွိန်ကျေးရွာစေတီထီးတော်တင်ပွဲတွင် ဇာတ်ကပြ ဖျော်ဖြေရန် လွန်ခဲ့သည့် မတ်လက ရောက်ရှိလာပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်ဇာတ်မကရတော့ဘဲ ဇာတ်ခေါင်းကွဲသဖြင့် ရွာမှ ဆန်အလှူခံကာ ဇာတ်အဖွဲ့မှ လူများအား ထမင်းချက်ကျွေးခဲ့ကြောင်း ၊ ဇာတ်ကရန် ပါလာသည့်အဖွဲ့ဝင်များ ပြန်သွားပြီးနောက် ဇာတ်ဆရာမမှာ ရေနံဒွိန်တွင် တဲအိမ်ဆောက်ကာ ကလေးနှစ်ဦးနှင့် နေထိုင်ခဲ့သူဖြစ်ကြောင်း သူမက ဆက်ပြောသည်။

“ဇာတ်သမားတွေကို ဇာတ်ကဖို့ ကိုယ့်ရွာကို လာရင်းဒုက္ခရောက်ကြတာဆိုပြီး ကျွေးဖို့ ရွာကတချို့က ဆန်အလှူခံပြီး ကျွေးခဲ့တာ။ အဲဒါကို ဘယ်သူက အေအေကို ထောက်ပံ့ဖို့ ဆန်ကောက်တယ်လို့ တိုင်လိုက်လည်း မသိပါဘူး။ ရွာက တိုင်လို့လာဖမ်းတယ်လို့ကြားတယ်။ ကျွန်မယောကျ်ားဖြစ်သူရဲ့ ဖခင် ဦးမောင်ထောင်က ကျေးရွာတာဝန်ခံဆိုတော့ မနေ့က စစ်တပ်လာတော့ သူတို့နောက်ကလိုက်ပေးနေရတာပေါ့။ အဲဒါကို သူ့ကိုပါ တပ်က ထပ်ခေါ်သွားတာပါ” ဟု သူမက ပြောသည်။

ရေနံဒွိန်ကျေးရွာမှာ မင်းရပ်ကျေးရွာအုပ်စုဝင် ၁ဝ ရွာထဲမှ တစ်ရွာဖြစ်သည်။

မင်းရပ်ကျေးရွာရပ်မိရပ်ဖဖြစ်သူ အမည်မဖော်လိုသူက “ ကျွန်တော့်ကို ဦးမောင်ထောင်းရဲ့သားက ဆက်သွယ်လာလို့ ဖမ်းသွားတာကို သိရတာပါ။ မနေ့ညကရေနံဒွိန်ရွာသားပိုင် ကားတစ်စီးနဲ့ သူတို့ကို ကျောက်ပလေရွာ ကားလမ်းအထိ ပို့ခိုင်းတယ်။ အဲဒီကနေ တဆင့်နောက်ထပ်ကားတစ်စီးနဲ့ တပ်ရင်း ၃၄ ကိုခေါ်သွားတယ်လို့ကြားတယ်။ တပ်ရင်း ၃၄ ကကျောက်ဖြူမြို့ပေါ်မှာပဲ ရှိတာပါ။” ဟုပြောသည်။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က “ မနက်ကတော့ အဲဒီ မင်းရပ်အုပ်စုအုပ်ချုပ်ရေးမှူး ဖုန်းဆက်ပြီးတော့ ပြောပါတယ်။ အမျိုးသမီး၂ ယောက်နဲ့ ရပ်ကျေးတာဝန်ခံတို့ ခေါ်သွားတယ်လို့ကြားတယ်။ ကလေးနှစ်ယောက်နဲ့ ကိစ္စမကြားပါဘူး။ အမျိုးသမီးကလည်း နှစ်ယောက်လို့တော့သိရတယ်။ ဒါကတော့ ခေါ်ပြီးတော့ စစ်ဆေးတာ ဖြစ်ရင်လည်းဖြစ်မှာပေါ့။ ဟိုဥစ္စာထောက်ပံ့မှုမရှိရင် ပြန်လွှတ်ပေးရင်လည်းပေးမှာပေါ့။” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ 

ရခိုင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း နှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။

ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ညီအစ်ကိုနှစ်ဦးဖြစ်ကြသည့်  ဦးစောမောင် (၃၈) နှစ်နှင့် ဦးညီညီထွန်း (၃၁) နှစ်ကို တပ်မတော်စစ်ကြောင်း တစ်ခုမှ ဇူလိုင် ၁၃ ရက်နေ့က AA အမာခံ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

(ဓာတ်ပုံ- ကျောက်ဖြူပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်)


ဆက်စပ် သတင်းများ