စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘုတ်တစ်စီးရွာဆိပ်ကခွာပြီး ငါးမိနစ်အကြာ သဲကမ်းထောင်းရွာထဲလက်နက်ကြီးကျည်ကျပြီးလူ၄ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 2.1k

ခိုင်လူလှ(ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၂၇/၂ဝ၂ဝ

အမ်းမြို့နယ်၊ သဲကမ်းထောင်းကျေးရွာ ဆိပ်ကမ်းမှ ဘုတ်တစ်စီးထွက်ခွာသွားပြီး ၅ မိနစ်ခန့်အကြာ ရွာထဲ လက်နက်ကြီးကျည် ကျသဖြင့် ရွာသား ၄ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဒဏ်ရာရရှိသူများထဲမှ ဦးမောင်မောင်သန်း၏ ဇနီးဖြစ်သူ ဒေါ်မဆန်းတင်က ပြောသည်။

“ ရွာဆိပ်ကမ်းမှာ ခေါင်းမိုးတွေကို တာလပတ်ချုပ်ထားတဲ့ မော်တော်ဘုတ်ကြီးတစ်စီး ဝင်လာပါတယ်။ အဲဒါရွာက လူကြီးတွေကဟန့်ပါတယ်။ ရွာကို မကပ်ပါနဲ့။ အဝေးကနေပါ။ ရောင်းစရာ၊   ချစရာရှိလားလို့ မေးတော့ ဘုတ်သမားက တစ်ခုမှ မပြောဘဲ ထွက်သွားပါတယ်။ ဘာတွေ လာရောင်းတယ်။ ဘာတွေပါတယ်ဆိုတာ တစ်ခွန်းမှ မပြောခဲ့ဘူး။ အဲဒီဘုတ်က ထွက်သွားပြီး ၅ မိနစ်ဝန်းကျင်လောက်မှာ တောင်ကြီးက လက်နက်ကြီးပစ်ပါတယ်။ အဲဒီမှာ လက်နက်ကြီးကျည် ရွာထဲကျပြီး ကျမယောကျ်ားအပါအဝင် ၄ ဦး ကျည်စတွေထိပြီး ဒဏ်ရာ ရသွားခဲ့ပါတယ်။ ကျမတို့လည်း လူနာတွေကို ကမ်းထောင်းကြီးမြို့ ဆေးရုံကို စက်လှေနဲ့ ယူလာပါတယ်။ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်တယ်ဆိုတာတော့ မသိရပါ။ ဘယ်သူတွေပစ်တယ်ဆိုတာ ရွာကလူကြီးတွေမေးပါ” ဟု ဒေါ်မဆန်းတင်က ပြောသည်။

ဒဏ်ရာရရှိသူများမှာ အသက် ၂ဝ အရွယ် မမေလှချေ၊ ဦးမောင်မောင်သန်း (၄၅) နှစ်၊ အသက် နှစ်ဆယ်ကျော် အရွယ်ဝန်းကျင် ကိုငလုံး နှင့် ဦးထွန်းထွန်းသိန်း (၃၅) နှစ်တို့ ဖြစ်ကြသည်ဟု သိရသည်။ 

“ ကျည်ကျတာက ၁၁ နာရီ ဝန်းကျင်လောက်မှာ ဖြစ်တာပါ။ လက်နက်ကြီး  ၃ လုံးကျပါတယ်။ တစ်လုံးက ကျမတို့ ယောက္ခမအိမ်နဲ့ တစ်အိမ်ခြားမှာ တစ်လုံးကျတယ်။ နောက်တစ်လုံးက အနီးမှာဘဲကျတယ်။ ရွေဘန်းတို့အိမ်ကို တစ်လုံးကျတယ်လို့ ပြောပါတယ်။ အဲဒီဘုတ်ကြီးကို ကျမတို့ ကမ်းထောင်းကြီးကို လာတဲ့ အချိန်မှာ ရွာသစ်ဘုရားကြီး ကမ်းမှာ ကပ်ထားတာကို မြင်ခဲ့ရပါတယ်” ဟု ပြောသည်။ 

သဲကမ်းထောင်းကျေးရွာမှ တာဝန်ရှိသူသို့ ဆက်သွယ်ရာ စက်ပိတ်ထားသဖြင့် အဆက်အသွယ် မရရှိသေးပါ။ 

ဒဏ်ရာရရှိသူများကို ကမ်းထောင်းကြီးဆေးရုံတွင် ဆေးကုသနေရပြီး ဦးမောင်မောင်သန်းမှာ ရင်ဘတ်အောက်တွင် ကျည်စထိမှန်ခဲ့ပြီး ရင်ဘတ်အောင့်သည်ဟု ပြောနေသဖြင့် စိုးရိမ်မိသည်ဟုသူမကပြောဆိုသည်။

ကမ်းထောင်းကြီးမြို့ပေါ်မှ စာရေးဆရာ မောင်ချယ်ရီသို့ ဆက်သွယ်ရာ ဒဏ်ရာရသူ ၄ ဦးနှင့် ကျေးရွာသားများ ထွက်ပြေးရောက်ရှိနေကြသည်ဟု ပြောသည်။

“ အခု ဒဏ်ရာရတဲ့ လူနာတွေက ဆေးရုံမှာရောက်နေကြပါပြီ။ ရွာသားတွေလည်း ထွက်ပြေးလာကြတယ်။ ၁ဝဝ ကျော် ၂ဝဝ နီးပါးရှိမယ်ထင်ပါတယ်။ တစ်ချို့လည်း မြို့က ဖွင့်ထားတဲ့ ကယ်ဆယ်ရေး စခန်းမှာနေထိုင်နေကြသလို တစ်ချို့လည်း နီးစပ်ရာ ဆွေမျိုးအိမ်တွေ နေနေကြတာကို တွေ့ရပါတယ်။ လက်နက်ကြီးကျည် ရွာထဲကျပြီး ကြောက်လန့် ထွက်ပြေး လာကြတာပါ” ဟု ပြောကြားသည်။ 

၎င်းသဲကမ်းထောင်းကျေးရွာအနီးရှိ ကဇူးကိုင်းကျေးရွာအနီးတွင် ဇူလိုင် ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း ဇူလိုင် ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကဇူးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။ 


ဆက်စပ် သတင်းများ