စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ လက်နက်ကြီးကျည်စထိမှန်သောအမျိုးသမီး စစ်တွေဆေးရုံသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.3k

သျှင်မင်းဇံ

နိရဥ္စရာ၊ သြဂုတ် ၁၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာအုပ်စု၊ ခဘော်ကျေးရွာမှ လူနေအိမ်တစ်ဆောင် အတွင်းသို့ ယမန်နေ့ နံနက် ၈ နာရီ၊ ၁၅ မိနစ် အချိန်ခန့် လက်နက်ကြီးကျည်တစ်လုံး ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိကာ ဝက်တစ်ကောင်သေဆုံးသွားကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသွားသူမှာ ခဘော်ကျေးရွာမှ မြိုတိုင်းရင်းသူ ဒေါ်မသန်းရီ အသက် (၄၂) နှစ်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်မသန်းရီ၏ ယောက္ခမ ဖြစ်သူ ဦးဖြူသာဦးက “ မနေ့က မနက်မှာ ကုလားတန်မြစ်အထက်ဖက်ကို နေဗီ တက်လာတော့ ပစ်ခတ်မှုတွေဖြစ်တယ်။ ပစ်ခတ်မှုတွေဖြစ်တော့  ကျနော် ချွေးမရဲ့ အိမ်ထဲမှာ လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲတယ်။ အဲဒီလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် အိမ်မှာ မွေးမြူထားတဲ့ ဝက်တစ်ကောင်လည်း ပွဲချင်းပြီး သေသွားတယ်။ လက်နက်ကြီးကျည်စတွေက ကျနော်ချွေးမဆီကိုလည်း လာမှန်တယ်။ ကျနော်ချွေးမ ဒဏ်ရာရရှိသွားတယ်လို့ ပြောသံကြားလို့ ကျနော်သွားကြည့်တဲ့အချိန်မှာ ကျနော်ချွေးမရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ သွေးတွေစိုနေတယ်” ဟုပြောသည်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒေါ်မသန်းရီ၏ ဘယ်ဖက်ခါးဆစ်နှင့်၊ ညာလက်မောင်းတို့တွင် ဒဏ်ရရှိသွားကြောင်း ၄င်းကဆက်ပြောသည်။

“ ဘယ်သူပစ်တယ်ဆိုတာ မပြောနိုင်ပါ။ လက်နက်ကြီးကျည် ကျလာတာဘဲ သိပါတယ်။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာခင်မှာဘဲ ကျလာတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာလည်း ခပေါ်ရွာနဲ့လည်း နည်းနည်း ဝေးပါတယ်။ တိုက်ပွဲဖြစ်တာက တင်းမအောက် ဒက်ဖြူရွာနဲ့ သံပုရာထောင့်ကြား လို့ ကြားသိရပါတယ်။ မနေ့က ညနေ ၃ နာရီလောက်မှာ ဒဏ်ရာတဲ့ ကျနော်ချွေးမတို့ ကျောက်တော်ဆေးရုံကို ရောက်ပါတယ်” ဟု ဦးဖြူသာဦးက ပြောကြားသည်။ 

ဒဏ်ရာရရှိသွားသူ ဒေါ်မသန်းရီမှာ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကျောက်တော် ဆေးရုံးသို့ ရောက်ရှိလာပြီးနောက် ကျောက်တော်မြို့နယ်ဆရာဝန်ကြီးမှ ဒဏ်ရာအား ခွဲစိပ်ကုသရန် စစ်တွေဆေးရုံသို့ ပို့ဆောင်ရမည်ဟု ပြောသဖြင့် ဆက်လက်ယူဆောင်လာရာ ယနေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။ 

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် တင်းမကျေးရွာ၏တောင်ဘက် မီတာ ၃၁ဝဝ ခန့်အကွာ၌ လက်နက်ကြီး၊ စစ်ရေယာဉ်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် စစ်ရေယာဉ်များကို သြဂုတ် ၁၁ ရက် နံနက် ၆ နာရီခန့်တွင် AA မှ  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။


ဆက်စပ် သတင်းများ