ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်ရံရွာမှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူ ၅ ဦးကို ရသေ့တောင်မြို့ပြည်သူ့ဆေးရုံသို့ ယူဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၂၃/၂ဝ၂ဝ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအပြီး တစ်ရက်ခန့်အကြာတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ကျေးရွာထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ဒဏ်ရာ ရရှိသွားသူ ၅ ဦးကို ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်က ယူဆောင်သွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို ရေလမ်းခရီး အဆင်မပြေသဖြင့် ရေပုတ်သို့ ကုန်လမ်းဖြင့် ထမ်းပိုးပို့ဆောင်ခဲ့ရပြီး ယင်းမှ တစ်ဆင့် ရသေ့တောင်သို့ ဟွန်ဒါ စက်လှေငယ်ဖြင့် ပို့ဆောင်ရန်  ယူဆောင်သွားကြောင်း ကျောက်ရံရွာမှ ဒေါ်ဖြူချေက ပြောကြားသည်။

ဒဏ်ရာရသူများမှာ ဒေါ်အေးသန်းနု (၄ဝ) နှစ်၊ ဦးကျော်အေး (၄၂) နှစ်၊ မခိုင်မြတ်မြတ် (၃) နှစ်၊ ဦးထွန်းတင် (၄ဝ) နှစ်နှင့် မခိုင်နှင်းဝေ (၁၇) နှစ်တို့ ဖြစ်ကြသည်ဟု သိရှိရသည်။

“ ၅ ယောက် အထဲမှာ မိန်းမကြီးတစ်ဦးဖြစ်တဲ့ ဒေါ်အေးသန်းနုက ဒဏ်ရာပြင်းပါတယ်။ ဒီနေ့ မနက်ကတော့ ကျွန်မတို့ရွာကနေ ရေပုတ်ကို ကုန်းလမ်းကို ထမ်းပိုး ယူဆောင်သွားပြီး အဲဒီကနေ ရသေ့တောင်ကို ဟွန်ဒါစက်လှေနဲ့ ပို့မယ်ဆိုပြီး ယူဆောင်သွားကြပါတယ်။ ရေလမ်းက အားလုံး ပိတ်ထားတဲ့ အတွက် အဆင်မပြေတာကြောင့် ရေပုတ်ကို အရင်ယူရပါတယ်။ အဲဒီကတစ်ဆင့်ဘဲ ပို့မယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ယမန်နေ့ သြဂုတ် ၂၂ ရက် ညနေ ၈ နာရီကျော်က လက်နက်ကြီးကျည် နှစ်လုံး ရွာထဲကို ကျရောက် ပေါက်ကွဲရာမှ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ မညှင်းတောင်ဘက်က ပစ်တာပါ။ လက်နက်ကြီး ၂ လုံးကျပါတယ်။ ညနေဘက် ၈ နာရီ ကျော်လောက်အိမ်မှာ ရေနွေးကြမ်းသောက်နေစဉ် ကျရောက်ပေါက်ကွဲတာပါ။ ၅ ယောက် ဒဏ်ရာရပါတယ်။ တိုက်ပွဲလည်း ဖြစ်တာမရှိဘဲနဲ့ ပစ်တာပါ” ဟု သူမက ပြောကြားသည်။

လက်နက်ကြီးကျည်မှာ ည ၈ နာရီ မိနစ် ၂ဝ လောက်တွင် ကျောက်ရံရွာအနီးတွင် တစ်လုံး၊ ကျောက်ရံရွာ အရှေ့ဘက်လမ်းတွင် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယခုလို အခြေအနေကြောင့်  ရွာသားများ အထူးကြောက်လန့် စိုးရိမ်နေရကြောင်း  ကျောက်ရံရွာကျောင်းထိုင် ဆရာတော်က ပြောကြားသည်။

“ ပထမ တစ်လုံးက ရွာအနီးမှာ ကျတယ်။ နောက်ထပ် နှစ်လုံးက ရွာထဲမှာကျတယ်။ တစ်လုံးနဲ့ တစ်လုံး ၁ဝ မိနစ်လောက်စီကွာတယ်။ ရွာမှာက အရှေ့လမ်း၊ အလယ်လမ်း၊ အနောက်လမ်းဆိုပြီး သုံးလမ်းရှိတယ်။ အရှေ့လမ်းက မိသားစု ၃ ယောက်နေတဲ့ အိမ်တစ်အိမ်ကို ကျရောက်ပေါက်ကွဲတာ။ ပစ်တာက မညှင်းတောင်ဘက်က လာတယ်။ အဲဒီမှာ မြန်မာတပ်မတော်က နေရယူလို့ရှိတယ်။ လာတာက အဲဒီဘက်က လာတာ” ဟု ဆရာတော်က ပြောကြားသည်။

ဒဏ်ရာရသူများမှာ ဒေါ်အေးသန်းနုတွင် နောက်စေ့ကို ထိမှန်ပြီး သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေကြောင်း၊  ဦးကျော်အေး ခြေထောက် နှစ်ဘက်စလုံးတွင် ထိပြီး ရင်ဘတ်မှာလည်း နှစ်ချက်ထိကြောင်း၊ မခိုင်မြတ်မြတ် (၃)တွင် နားထင်ကို ရှပ်ထိကြောင်း၊ ဦးထွန်းတင် ဘယ်ဘက် နားထင် အထက်နားက ရှပ်ထိပြီး  မခိုင်နှင်းဝေတွင် ဘယ်ဘက်နို့အုံအောက်တွင် ရှပ်ထိပြီး လက်မောင်းကိုလည်း ကျည်စတစ်ခု ဖောက်သွားကြောင်း ဆရာတော်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းသို့ ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်သို့ ဆက်သွယ်ရာတွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးများ အပါအဝင် ၅ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရသူများကို ရသေ့တောင်သို့ ယူဆောင် လာကြောင်း၊ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအနေဖြင့် ကိုဗစ်ကာလ အကျပ်အတည်း ရောက်နေကြချိန်တွင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို ရသ့တောင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ယူဆောင်ရာတွင်လည်း ကုန်လမ်း၊ ရေလမ်းများကို ပိတ်ဆို့ထား၍ ဒဏ်ရာရသူများကို ပို့ဆောင်ရာတွင် တစ်နာရီခန့် ခရီးကို ၁ဝ နာရီခန့် ကြန့်ကြာနေရကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ