ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အပေါက်ဝကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က  ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျ၍ အမျိုးသမီး ၁ ဦးသေဆုံးသွားကာ ၃ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ အမျိုးသမီးမှာ အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ ဒေါ်ဘုမ (ခ) မမိုးမိုး (၄ဝ) နှစ်ဖြစ်သည်။

ဒဏ်ရာ ရရှိသွားသူများမှာ တစ်ရပ်ကွက်တည်းနေ ဒေါ်အေးသိန်းကျော့ (၃၂) နှစ်၊ ဒေါ်မကျော့စိန် (၃ဝ)နှင့် ဒေါ်မဲကျီ (၅၆) နှစ် တို့ဖြစ်ကြောင်း ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အခု ညနေ ၅ နာရီက ဒေါ်ဘုမ အလောင်းကို ရွာကိုယူနေပါပြီ။ မနက်က စပါးပျိုးစိုက်နေတာမှာ စစ်သားတွေက လက်နက်ကြီးနဲ့ ၃ ခေါက်ပစ်တယ်။ ပစ်တော့ အခြေနေမကောင်းဘူးဆိုပြီး လယ်ကွင်းထဲ ဝပ်နေကြတယ်။ အဲဒါပြီးတော့ ပစ်တာ ရပ်သွားတော့ သူတို့က ရွာကို လာကြတာ။ အဲသလို ပြန်လာတာမှာ ရထားလမ်း ဘူတာနားကို ရောက်တာနဲ့ လက်နက်ကြီးလာကျတာ ” ဟု သေဆုံးသူ ဒေါ်ဘုမ၏ အစ်ကိုတော်စပ်သူ ဦးလှစိန်မောင်က နိရဥ္စရာသို့ ပြောသည်။

ဖြူစင်မေတ္တာပရဟိတအသင်းမှ ဥက္ကဋ္ဌ ဦးညီပုက “ကျွန်တော်တို့ စစ်တွေဆေးရုံကို ယူဖို့လုပ်နေတဲ့ ဒေါ်ဘုမက ဆုံးသွားပါတယ်။ ဒဏ်ရာ သူ့ဗိုက်ကို ဖောက်ဝင်သွားတာ။ လက်နက်ကြီးအစလေ။ လက်နက်ကြီးအစပါ။ စစ်တွေဆေးရုံကို မယူခင်မှာပဲ ဆုံးသွားပါတယ်။ ကျန်သုံးယောက်မှာ ၂ နှစ်ယောက်က သက်တောင့် သက်သာပါ။ ကျန်တစ်ယောက်က နည်းနည်းပြင်းတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ဒေါ်ဘုမ ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က ကျောက်တော်ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လက်ရှိ ဒဏ်ရာရရှိသူ ၃ ဦးမှာ ကျောက်တော်ဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း အပေါက်ဝကျေးရွာမှ ကိုသန်းမျိုးဇော်က ပြောသည်။

အပေါက်ဝရွာက ရပ်မိရပ်ဖက “သူတို့က ပစ်ခတ်သံတွေကြားတော့  ရွာမြောက်ဘက်က ပျိုးစိုက်ပြီး တက်လာကြတာ။ အဖွဲ့လိုက်ပေါ့။ အဲဒီမှာ လက်နက်ကြီးကျည်လာကျတာ။ ပထမက စစ်သားတွေက အပေါက်ဝ ရဲစခန်းက ထွက်လာတာ။ အဲဒီနောက် ရွာအဝင်ဝက ကားဂိတ်မှာ သေနတ်ပစ်သံတွေ ကြားရတယ်။ သုံးလေး ခါလောက်။ အဲဒါပြီးရင် လက်နက်ကြီးသံ ၃ ချက်လောက်ကြားရတယ်။ အဲဒီ လက်နက်ကြီးပစ်တဲ့အခါ လက်နက်ငယ်တွေနဲ့ ရောပြီး ထပ်ပစ်တယ်။ ရွာက လမ်းက ကွန်ကရစ်လမ်းမှာ လက်နက်ကြီးက ကျပြီး လက်နက်အစတွေ အဲဒီမိန်းမ ၄ ယောက်ဆီကို ထိတာ” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ပစ်ခတ်မှုဖြစ်ပွား၍ ရွာသားအချို့ဒဏ်ရာရသည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း ဒဏ်ရာရရွာသား အရေအတွက်အား အစည်းဝေးတက်ရောက်နေ၍ ၄င်းအနေဖြင့် မသိရသေးကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်သူ တစ်နေ့ထက်တစ်နေ့များပြားလာမှုကို ဒေသခံများအနေဖြင့် ကြောက်လန့်စိုးရိမ်နေကြစဉ် ထိုကဲ့သို့ ပစ်ခတ်မှုများဖြစ်ပွား၍ သေဆုံး ဒဏ်ရာရရှိမှု ရှိသဖြင့် ဒေသခံများမှာ ကိုရိုနာဗိုင်းရပ်စ်အပြင် ပစ်ခတ်မှုထပ်ဖြစ်မည်ကိုလည်း စိုးရိမ်လျှက်ရှိကြသည်ဟု ရွာသားများက ပြောသည်။             

ဆက်စပ် သတင်းများ