စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာမှ ရွာသား ၂ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၁၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမုတပင်ကျေးရွာတွင် ယနေ့ နေ့လယ် ၄ နာရီခန့်က ရွာသား ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်၍ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ လမုတပင်ကျေးရွာမှ ဦးဦးသိန်းလှ (၅၂) နှစ် နှင့် ဒေါ်မဲမ (၅ဝ) နှစ်တို့ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမောင်က ပြောသည်။

“နေဗီက ၃ စီးလား၊ ၄ စီးလားဆိုတာကို အသေချာမပြောနိုင်ဘူး။ ကျွန်တော်တို့လည်း ဆင်းပြီး ကြည့်ရဲတာ မဟုတ်ဘူး။ အဲဒီနေဗီတွေက ကျောက်တော်ဘက်ကနေ ဆင်းလာတာ။ သူတို့ ဆင်းလာလို့ အပေါက်ဝ ရွာနားရောက်တော့ စပစ်တယ်။ စပစ်တော့ ရွာသားတွေ အကုန်လုံးက ဗုံးခိုကျင်းထဲကို ဝင်ပုန်းကြရော။ အဲဒီမှာ ဒဏ်ရာရသွားတဲ့ နှစ်ယောက်ကလည်း ဗုံးခိုကျင်းထဲ ဝင်ပုန်းနေတာကို လက်နက်ကျည်စ လာထိတာ။ ဒဏ်ရာကတော့ သိပ်မပြင်းဘူး။ သူတို့က အဲဒီလို ဆင်းလာရင် အမြဲတမ်းပစ်တယ်” ဟု ဦးအေးမောင်က နိရဥ္စရာသို့ ပြောသည်။

ယနေ့ နေ့လယ် ၃ နာရီခွဲခန့်က ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေဘက်သို့ ဆင်းလာသည့် အဆိုပါ နေဗီများက ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနားသို့ အရောက်တွင် ကုလားတန်မြစ်ကမ်း အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့အား လက်နက်ကြီးများဖြင့် ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့စဉ်က ကျေးရွာသားများမှာ ဗုန်းခိုကျင်းများထဲ၌ ပုန်းအောင်းနေထိုင်ခဲ့ကြရကြောင်း ဦးအေးမောင်က ပြောသည်။

ဒဏ်ရာရရှိသွားသည့် ဦးဦးသိန်းလှတွင် ညာဘက်ရင်ဘတ်နှင့် ဒေါ်မဲမတွင် ညာဘက်ပေါင်တို့၌ လက်နက်ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

ဦးဦးသိန်းလှမှာ  ဒဏ်ရာအနည်းပြင်း၍ ကျောက်တော်မြို့နယ်၊ အပေါက်ဝတိုက်နယ်ဆေးရုံသို့ ယနေ့ နေ့လယ် ၄ နာရီကျော်ခန့်က ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဦးအေးမောင်က ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “ဒဏ်ရာနှစ်ယောက်ရသွားတဲ့အထဲ တစ်ယောက်က အပေါက်ဝဆေးရုံကို ရောက်သွားပါပြီ။ ကျွန်တော်တို့ ရွာသားတွေနဲ့ ဆက်သွယ်လို့ နေဗီတွေ ဆင်းတုန်း လှမ်းပစ်ရင်းနဲ့ ဖြစ်တာလို့ သိရတယ်။ တိုက်ပွဲဖြစ်တာတော့ မကြားမိဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ပြီးခဲ့သည့် ဇန်နဝါရီလ  ၁ ရက်နေ့ကလည်း လက်နက်ကြီးကျည်စထိမှန်၍ လမုတပင်ကျေးရွာမှ အသက် (၇၄) အရွယ် ဦးမောင်ဘညွှန့်မှာလည်း ဘယ်လက်အောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပြီး စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမောင်က ပြောသည်။

ဆက်စပ် သတင်းများ