ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ကျောက်ဂူစုရွာမှ အရပ်သားတစ်ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာမှ အရပ်သားတစ်ဦးကို တပ်မတော်စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ကိုမောင်ပိန်အောင်(၃၁) နှစ် (ဘ) ဦးထွန်းအောင်သားဖြစ်ကြောင်း သိရှိရသည်။

ကိုမောင်ပိန်အောင်၏ ဇနီးဖြစ်သူ မေထွီးချေက “ မနေ့က မနက် ၈ နာရီကျော်လောက်မှာ ကျွန်မ ရွာစျေးမှာရောင်းနေတုန်း ကျွန်မယောကျ်ားကို ဖမ်းသွားတယ်လို့ လူတွေလာပြောပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မယောကျ်ားကို ဖမ်းသွားတာကို မြင်လိုက်ရပါတယ်။ အဲဒီနောက် ဒုတိယ တစ်ခေါက်စစ်သားတွေလာပြီး အိမ်ကို လာရှာပါတယ်။ စပါးကျီကြားမှာ တက်ရှာပါတယ်။ မိုင်းတစ်လုံးရတယ်လို့ ပြောပါတယ်။ ကျွန်မကို အဲဒီမိုင်းကို လက်နဲ့ကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်ပါတယ်။ သူတို့ခိုင်းတော့ ကျွန်မလည်းကြောက်ပြီး ဓာတ်ပုံရိုက်ခံရပါတယ်။ ကျွန်မတို့အိမ်မှာ ဒီလိုမျိုး ပစ္စည်းတွေ တစ်ခါမှ မရှိဘူး။ မြင်လည်း မမြင်ဘူးပါပြောပြပါတယ်။ ကျွန်မတို့ကိုပါ တပ်ကို ခေါ်သွားပါတယ်။ နောက်တော့ ကျွန်မနဲ့ ကလေးတွေကို ပြန်လွတ်လိုက်ပါတယ်။ ကျွန်မယောက်ျားလည်း တစ်ဝမ်းတစ်ခါး လုပ်စားနေတာပါ။ အခုတော်တော် အခက်အခဲဖြစ်သွားပါပြီ” ဟု ပြောကြားသည်။

၎င်းတို့တွင် ၁၁ နှစ်အရွယ်နှင့် ၅ နှစ်အရွယ် သမီးနှစ်ဦးရှိကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီက အင်အား ၁ဝဝ ခန့်ပါသော တပ်မတော် စစ်ကြောင်း တစ်ခု ဝင်ရောက်လာပြီး ရွာသားများကို စစ်ဆေးမေးမြန်းကာ မောင်ပိန်အောင်၏ လက်ပိုင်ဖုန်းထဲမှ AA နှင့် ပတ်သက်သည့် ဓာတ်ပုံများတွေ့ရှိ၍  AA အဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲ ဖမ်းဆီးသွားခဲ့သည်ဟု ရခိုင် လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကလည်း တပ်မတော်စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။

“ ဟုတ်ပါတယ်။ အတည်ပြုလို့ရပါတယ်။ သူရဲ့ ဇနီးနဲ့ မိသားစုတွေက ကျွန်တော်ဆီကို ကိုယ်တိုင် လာအကြောင်းကြားပါတယ်။ စစ်တပ်က ဖမ်းသွားတယ်လို့ ပြောပါတယ်  ” ဟု ပြောဆိုသည်။

လက်ရှိတွင် ကိုမောင်ပိန်အောင်အား တပ်မတွင် ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရကြောင်း ဇနီးဖြစ်သူက ပြောကြားသည်။

ဆက်စပ် သတင်းများ