သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြေပုံ-ညောင်ကန်ကျေးရွာမှ ကျည်စထိ၍ ရက်ပေါင်းများစွာသတိမေ့နေသည့် မနှင်းယုလှိုင် အခြေနေတိုးတက်ကောင်းမွန်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ လက်နက်ကြီးကျည်စ ဦးခေါင်းကို ထိမှန်ခဲ့ပြီး ရက်ပေါင်းများစွာ သတိမေ့နေခဲ့သည့် အဝေးသင်ကျောင်းသူ မနှင်းယုလှိုင် (၂၂) နှစ်မှာ အခြေနေ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာကြောင်း သတင်းရရှိသည်။

သူမအား မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံမှ စစ်တွေဆေးရုံသို့ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က ယူဆောင်လာပြီးကတည်းက ရက်ပေါင်း ၂ဝ ကျော် သတိမေ့နေခဲ့ပြီး ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့က အိပ်ရာအတွင်း လဲနေရာမှ အနည်းငယ် ထထိုင်နိုင်ပြီဖြစ်ကြောင်း မနှင်းယုလှိုင်၏ အစ်မတော်စပ်သူ မခင်တင်ချေက ပြောသည်။

“သူ့ရဲ့ တစ်ကိုယ်လုံးမှာ လက်ယာခြမ်းဘက် လှုပ်ရှားနိုင်ပါပြီ။ နောက်တစ်ဘက်က မလှုပ်ရှားနိုင်သေးဘူး။ လဲ နေရာကနေ ထိုင်ဖို့အတွက် မနေ့ကစပြီး အမူအရာနဲ့ ပြတယ်ပေါ့နော်။ သူထိုင်ချင်တာကို။ အခု ထိုင်နေနိုင်ပါပြီ။ ကျွန်မတို့က ပြန်ကောင်းသွားမှာပါလို့ ပြောရင် သူဝမ်းနည်းပြီး ငိုတယ်။ စကားက အာရုံကြောနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့အတွက် မပြောနိုင်သေးဘူး။ ပါးစပ်ကနေ အိုဗာတင်းလည်း ကျွေးနိုင်ပါပြီ။ အရင်ဆို ပိုက်ခေါင်းက သွင်းပေးရတာပေါ့” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

စစ်တွေဆေးရုံသို့ရောက်ပြီးနောက် စက်တင်ဘာ ၁ဝ ရက်နေ့က ဦးခေါင်းအား ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့သော်လည်း ဦးခေါင်းတွင် ကျည်စကျန်ရှိနေသေးကြောင်း၊ သူမ၏ အခြေနေအား စောင့်ကြည့်ကာ ရန်ကုန်သို့ ယူဆောင်ပြီး နောက်တစ်ကြိမ် ခွဲစိတ်ကုသမှု ထပ်လုပ်ရမည်ဖြစ်ကြောင်းကို ဆရာဝန်က ပြောဆိုကြောင်း မခင်တင်ချေက ပြောသည်။

“ပထမကဆို သူ သတိမေ့ခါမေ့ သတိရခါရ အဲဒီလိုပေါ့။ အခုဆိုရင် လုံးဝ သတိရသွားပါပြီ။ စကား မပြောနိုင်သေးတာ တစ်ခုပဲ ရှိပါသေးတယ်။ ဆရာဝန်က သူ့ကို နေ့တိုင်းလာကြည့်ပါတယ်။ ဒီနေ့မှာပဲ သူ့ကိုပေးထားတဲ့ အောက်ဆီဂျင်တွေကို ပြန်ဖြုတ်လိုက်ပါပြီ။ အရင်ကထက် ပိုပြီး အခြေနေ ကောင်းမွန် လာပါတယ်။ သူ့ခေါင်းမှာ ကျန်သေးတဲ့ ကျည်စကိုတော့ ဘယ်အချိန် ထပ်ခွဲစိတ်ရမယ်ဆိုတာကို ဆရာဝန်က မပြောသေးပါဘူး” ဟု မခင်တင်ချေက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ အနီးအနားရှိ တပ်စခန်းတစ်ခုက ပစ်လိုက်သည့် လက်နက်ကြီးကျည် ရွာထဲ ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် ကျောင်းဆရာမ တစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားခဲ့ပြီး အဝေးသင် နောက်ဆုံးနှစ် ကျောင်းသူ မနှင်းယုလှိုင်အပါအဝင် ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ရွာသားများ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ